ဧပြီ၊၉
ရှမ်းမြောက်က နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ တို့ ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးတွေ စတင်နေပြီလို့ ကချင်လွတ်လပ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ရေးသားဖော်ပြလိုက်ပါတယ်။
သက်ဆိုင်ရာ ဒေသတွင်းက မိဘပြည်သူတွေ နားလည်ကူညီပေးကြဖို့နဲ့ အွန်လိုင်းသုံးစွဲသူတွေ၊ မီဒီယာတွေ၊ အကြံပေးထောက်ပြလိုသူတွေဆီကလည်း အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေကို မျှော်လင့်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုထားပါတယ်။
အခုနှစ် နှစ်စပိုင်းလောက်ကနေ ရှမ်းမြောက်နယ်မြေတွေဘက်မှာ နှစ်ဖက်တပ်ရဲ့ အောက်ခြေတပ်သားတွေကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အမှတ်တပ်ရင်း ၃၄ နယ်မြေ မန်တုန်ဒေသက တိုက်နယ်ရုံးဆီ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်သား အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီး ရုံးဖြိုချလိုက်တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေရေးသားချက်တွေအရ သိရပါတယ်။
အထက်ပါ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ မန်တုန်ဒေသဘက်က နှစ်ဖက်တပ် နယ်မြေအငြင်းပွားမှုဆိုင်ရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လူကြီးတွေကနေ ညှိုနှိုင်းဆွေးနွေး ပြေလည်သွားတာမျိုး ရှိပေမဲ့ ရက်သတ္တပါတ်ကျော်အကြာ မတ်လ ၇ ရက်နေ့ညနေပိုင်းမှာတော့ ကွတ်ခိုင်မြို့ထဲက KIO ဆက်ဆံရေးရုံးကို ဖယ်ရှားဖို့ TNLA တပ်သားတွေ လာရောက်မောင်းထုတ်တဲ့ ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ရှမ်းမြောက် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတ်လ ၈ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြီး ဂွမ်မော်က “ရှမ်းမြောက် လူထုနဲ့ ဒီကြားထဲ စည်းဝေးလုပ်မယ်။ လူထုရဲ့ သဘောထား ရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်”လို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်ကနေ တဆင့် ဖော်ပြခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရှမ်းမြောက်၊ မန်တုံနဲ့ မိုးမိတ်ကြားက မန်မောက်ရွာမှာ ရှိတဲ့ KIA တပ်စခန်းဘက်ကို TNLA တပ်သားတွေဟာ အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီး KIA တပ်သားအချို့ကို ရိုက်နှက်ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို ရိုက်နှက်မှုကြောင့် KIA တပ်သား ၁၀ ဦးကျော် သွေးထွက်ဒဏ်ရာရရှိပြီး မန်တုံဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းလောက်က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ ရုပ်သံတစ်ခုမှာတော့ TNLA တပ်သား အင်အား ၁၀၀ ကျော်လောက် ဒီမာဒေသဘက် အင်အားပြ ချီတက်လာချိန် နမ့်ဖတ်ကာနဲ့ နမ့်အွမ်ဘက်မှာရှိတဲ့ KIA ဂိတ်တွေကနေ တားဆီးရင်း နှစ်ဖက်တပ်သားတွေ အချင်းများနေကြတာကို တွေ့ရှိရပါတယ်။
KIA ထိန်းချုပ်ရာတပ်မဟာ ၆ နယ်မြေက ဒီမာဒေသဘက်အပြင် နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး၊ မုံးကိုး စတဲ့ နေရာဒေသတွေဘက်မှာ KIAနဲ့ TNLA လက်အောက်ခံတပ်သားတွေ အချင်းချင်း အင်းအားပြ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။







