ဩဂုတ်၊၁၀
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်( Kachin State Comprehensive University-KSCU) နေ့သင်တန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသားတွေထဲက ကချင်အာဇာနည်တွေရဲ့ မိသားစုဝင် ကျောင်းသားတွေကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
KIO ဌာနချုပ်၊ လိုင်ဇာမြို့မှာ ဖွင့်လှစ်ထားတဲ့ အဲဒီ KSCU ကျောင်းမှာ ဒီကနေ့ ဩဂုတ်လ ၁၀ ရက် မနက် ၉ နာရီအချိန်က အာဇာနည်နေ့အလေးပြုခြင်းအခမ်းအနားကို ကျင်းပခဲ့ကြတာဖြစ်ပြီး အစီစဉ် ပထမပိုင်းမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကချင်အာဇာနည်နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ဆိုပါတယ်။
သဝဏ်လွှာ ဖတ်ကြားခဲ့ပြီးနောက် ဒုတိယပိုင်းမှာတော့ KSCU ဒုတိယအဓိပတိက နေ့သင်တန်းမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေထဲက ကချင်အာဇာနည်တွေရဲ့ ဇနီး၊သား၊သမီးတွေကို ဂုဏ်ပြု မှတ်တမ်းလွှာနဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်ချီးမြင့်ခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဌာနချုပ်ကော်မတီရုံးမှာလည်း အာဇာနည်နေ့ အထိမ်းအမှတ်ဆုတောင်းပွဲကို ဒီကနေ့မနက် ၈ နာရီက ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ အာဇာနည်နေ့မိန့်ခွန်းကို ကော်မတီအတွင်းရေးမှူး ဆရာကြီး ကွမ်ထပ် ထိန်နန် Kumhtat Hting Nan က ဖတ်ကြားခဲ့တယ်လို့ ကချင်စစ်ရေးသတင်းတွေကို ဖော်ပြလေ့ရှိတဲ့ EEDY Shiga က ဖော်ပြထားပါတယ်။
မိန့်ခွန်း ဖတ်ကြားပြီးတဲ့နောက် KIC ဥက္ကဌကိုယ်စား အာဇာနည်နေ့မိန့်ခွန်းနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ဆက်လက်ရှင်းပြခဲ့ပြီးတော့ ပွဲကို ကော်မတီအရာရှိတွေ၊ ဗိုလ်အရာရှိတွေ၊ အသင်းတော် ဦးဆောင် သူတွေ၊ အမျိုးသမီးတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းက ဗိုလ် အရာရှိတွေ တက်ရောက်ခဲ့ကြတယ် လို့လည်း ရေးသားထားပါတယ်။
ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အပြင် မိမိလုပ်ဆောင်တဲ့အရာကို ပြည်သူအများပိုင်းက လက်မခံရင် ပြန်လည်စဉ်းစားရမှာဖြစ်ပြီး အချိန်မနှောင်းခင် ပြင်ဆင်ဖို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုခဲ့ပါတယ်။
တစ်မျိုးသားလုံးနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်လိုက်ရတဲ့ အာဇာနည် သူရဲကောင်းတွေကို အောက်မေ့သတိရဂုဏ်ပြုရင်း တစ်ဦးချင်းစီတိုင်းကို ဂုဏ်ပြုနေချိန် မျက်ရည်ကျ စိတ်ထဲနာကျင်နေရကြောင်းနဲ့ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေးနေတာကိုလည်း တွေ့မြင်ကြားနေရတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ်အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင်စီမံအုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာနဲ့ လွတ်လပ်ရေးရရှိဖို့ဆိုရင် နိုင်ငံတွင်းတော်လှန်နေတဲ့ အဖွဲ့အားလုံး တူညီတဲ့ပန်းတိုင်ကို ဆုပ်ကိုင်ထားရမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ရရှိဖို့လိုတဲ့အပြင် တော်လှန်ရေးခရီးကိုလည်း တဆင့်ပြီးတဆင့် အဆင့်မြှင့်တင်ပြီးတော့ ရှေ့ကို ချီတက်သွားနိုင်ရမယ်လို့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။






