ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံး

361
လက်နက်ကြီးကျည်စ ထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံး

ဇူလိုင်၊၂၅

ရှမ်းပြည်နယ်‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စ မှန်ပြီး အသက်(၃) နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ကွတ်ခိုင်မြို့နယ် အင်မိန်းဟိုကျန်းကျေးရွာအုပ်စု မန်နောင်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့ နံနက်ပိုင်း (၆) နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက် (၃) နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ဦးခေါင်းမှာ လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ပြီး (၃) နာရီအချိန်လောက်က သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက သူတို့ရဲ့ ထင်းပုံမှာသွားကျတာ။ ထင်းပုံလည်း ပြိုသွားတယ်ဆိုင်ကယ်ရော ပျက်စီးသွားတယ်။ အဲ့ဒီမှာ ကျည်စက ကလေးရဲ့ ဦးခေါင်းမှာ သွားထိတာ။ ခုန (၃) နာရီ (၅) မိနစ်မှာဆုံးသွားပြီ” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ မနေ့ကတည်းက မန်နောင်ကျေးရွာတွင်း စစ်ရေးလှုပ်ရှားနေပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ထိတွေ့ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံက ဆက်လက်ဆိုပါတယ်။

 မနေ့တည်းက စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး မနေ့ညက ဘုန်းကြီးကျောင်းမှာ ဝင်အိပ်တာ။ KIA တွေက အဲဒီနားမှာတွေ လှုပ်ရှားသွားလာနေတဲ့ချိန် တွေ့ပြီးတိုက်ပွဲဖြစ်ကြတာ” လို့ ဒေသခံကဆက်ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ကား (၃) စီးနဲ့ လူအင်အားပြန်လည်ဖြည့်တင်းထားပြီးလက်ရှိမှာ ကျေးရွာတွင်း စစ်ကောင်စီတပ်သား အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဂါးလျန်ကျေးရွာ ဇွတ်အောင်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ (၃) ဦး အသက်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ မကြာခဏ စစ်အင်အားတိုးချဲ့တာတွေ စားနပ်ရိက္ခာပို့ဆောင်တာတွေ ပြုလုပ်လျက်ရှိပြီး KIA ဘက်ကလည်း မကြာခဏစောင့်ကြို ပစ်ခတ်ပြီး နှစ်ဖက်တပ်ကြားတိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here