ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီ တပ်သား အင်အား အများအပြား နေရာယူ ထားကြောင်း သိရသည်။
တီယန်ဇွပ် ကျေးရွာအဝင်တွင် စစ်ကောင်စီ တပ်သားများ ပြုလုပ်ထားသည့် ဘောလုံးကွင်း နေရာ၌ ယနေ့မနက်က စစ်ကား အစီး(၅၀)ဝင်ရောက်နေသည် သာမက ရွာအတွင်းလည်း စစ်ကားအချို့ ယမန်နေ့က(၃)စီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ရွာဝင်တာက ဒီမနက် တစ်စီး၊ မနေ့က(၃)စီး ဝင် တယ်။ ရွာ အဝင်မှာ စစ်တပ်က ဘောလုံးူူကွင်း တစ်ကွင်း လုပ်ထားတယ်။ အခု အဲဒီမှာရော ဒီမနက် အစီး (၅၀)လောက် ရောက်နေပြီ။ ညအချိန်တွေမှာရော ဝင်လား မသိဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိ တီယန်ဇွပ်ကျေးရွာ အနီးဝင်းကျင်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေး ယူထားပြီး ယင်းကျေးရွာနှင့် အီဂျစ်ကျေးရွာကြား တောင်များတစ်လျှောက်တွင်လည်း စစ်သားအများအပြား နေရာယူထားကြောင်း ၎င်းက ဆက်လက် ပြောသည်။
“ရွာ အနီးအနားမှာရော လုံခြုံရေးတွေ လုပ်ထားကြပြီ။ ခြံသွားတဲ့ နေရာတရတွေ အီဂျစ်နဲ့ တယန်ကြားက တောင်တွေမှာရော စစ်သားတွေ အပြည့် နေရာ ယူထားပြီ။ လောလောဆယ်တော့ ခြံသွား/လာ ဘာမှ မဖြစ်သေးဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်သားများမှ ၎င်းတို့ ကျေးရွာတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ နေရာယူထားသည် ဟူသော သတင်းကြားကာ စစ်ကြာင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ကြားမိကြောင်းလည်း ဆိုသည်။
ဒေသခံပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်သား အများအပြား ဝင်ရောက်လာသောကြောင့် စစ်ရေးတင်းမာလာမည်ကို စိုးရိမ်နေကြသည်။
တီယန်ဇွပ်ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်၊ လူဦးရေ တစ်ထောင် ဝန်းကျင် ရှိသည်။
ပုံဟောင်းဖြစ်ပါသည်။