မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ လှုပ်ရှားမှုရှိနေပြီး ကုန်တင်ကားတွေကို တားဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ်ပြုလုပ်

234

 

စက်တင်ဘာ၊၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်း သိသိသာသာ လှုပ်ရှားသွားလာနေပြီး နောင်နန်းတိုက်နယ်အတွင်းက နေရာအချို့မှာပါ ကုန်တင်ကားတွေကို တားဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြုလုပ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့က နောင်နန်းတိုက်နယ်၊ ကဝါးခကျေးရွာအတွင်းက တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ဝန်းကျင်လောက် နေရာယူပြီး ကုန်တင်ယာဉ်တွေကို တားဆီးစစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ ပ.လ.န ရဲစခန်းအနီးက ခြောက်မိုင်ကုန်း၊ ရွှေစက်လမ်းခွဲ စတဲ့နေရာတွေမှာ စစ်သား ၂ ယောက်၊ ၃ ယောက်စီလောက် နေရာယူ စောင့်ကြပ်တာတွေ မြင်တွေ့ခဲ့ရတယ်လို့ လမ်းသွာလမ်းလာတွေက ဆိုပါတယ်။

ဒီကနေ့မနက် ၈ နာရီလောက်ကလည်း နောင်နန်းကျေးရွာအုပ်စု၊ ယိန်းခေါလမ်းခွဲမှာ စစ်သား ၄ ယောက်ဟာ ကားလမ်းတစ်ဖက်မှာ နှစ်ဦးစီ နေရာယူပြီး ကုန်တင်ကားတွေကို တားဆီးစစ်ဆေးနေကြတာလို့ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီနေ့က ယိန်းခေါလမ်းခွဲမှာ ရှိနေတာ။ လေးယောက် ဟုတ်တယ်။ ကုန်တင်ကားတွေကို တားနေတာ။ တစ်ခြားကားအသေးတွေ၊ လူတွေကိုတော့ စစ်တာ မတွေ့ဘူး“လို့ ဆိုပါတယ်။

အထက်ပါ ယိန်းခေါလမ်းခွဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘယ်ကနေ ရောက်လာကြတယ်ဆိုတာ မသိရတဲ့အပြင် သာမန် အရပ်ဝတ်အင်္ကျီနဲ့ စစ်သားဘောင်းဘီကို ဝတ်ဆင်ပြီး သေနတ်လွယ်ထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ဒုတိအပတ်လောက်ကနေစပြီး မြစ်ကြီးနား-မြစ်ဆုံလမ်းတစ်လျှောက် စစ်ကောင်စီလေယာဉ် ပျံဝဲတာ ခပ်စိပ်စိပ် ပြုလုပ်လာတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ကြောက်တာပေါ့။ အသံက အကျယ်ကြီးပဲ။ ညတိုင်း နာရီလောက် မှောင်လာပြီဆို လေယာဉ် ပျံဝဲပြီ။ ညတိုင်းပဲ။ ဒီဘက်အခြမ်း မဟုတ်ရင်၊ ဝိုင်းမော်ဘက်အခြမ်း ပျံဝဲနေကြတာ။ ခဏခဏပျံနေတော့ ခရီးသည်လေယာဉ်လား။ ဒီကို အမြဲတမ်း ပျံဝဲနေကျ လေယာဉ်လားဆိုတာတောင် ခွဲခြားတတ်သွားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းလောက်ကလည်း အထက်ဘက်ကနေ တုန်ဖုန်းကားကြီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်းဟာ မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ လမ်းပေါ်မှာရှိတဲ့ ဆယ်မိုင်ကျေးရွာအတွင်းက အထက်တန်းစာသင်ကျောင်း၊ ကက်သလစ်ဘုရားကျောင်းဝင်းနဲ့ ကျေးလက်ဆေးပေးခန်းအပြင် ဂျော်ဘွမ်ဆုတောင်းတောင် သွားလမ်း ရပ်ကွက်(၅)ဘက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်း ဆယ်မိုင်ကျေး ရွာအတွင်း ဝင်ရောက်လာပြီး အထက်တန်းကျောင်းနဲ့ လမ်းတစ်လျှောက်မှာ လှုပ်ရှားသွားလာတာတွေ ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here