စက်တင်ဘာ၊၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ ခိုကိုးရာမဲ့ဘိုးဘွားတွေအတွက် ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ အဖွဲ့ဆီက သိရပါတယ်။
လက်ရှိအချိန် ပူတာအိုဒေသမှာ ဆေးဝါးရရှိဖို့ ခဲယဉ်းသလို ရှိတဲ့ဆေးဝါးတွေလည်း ဈေးကြီးမြင့်တာကြောင့် ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ဘိုးဘွားတွေကို နယ်လှည့်စောင့်ရှောက်ပေးနေတဲ့ ပန်းဥယျာဉ် လူငယ်လူမှုကူညီရေးအဖွဲ့ တာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
” အဓိကကျတော့ ဆေးဝါးတွေ ပြတ်လပ်နေတယ်။ ကျွန်တော်တို့ဆီမှာလည်း ဘိုးဘွားနဲ့ ပတ်သက်ပြီးမှ အလှူရှင်လည်းမရှိဘူး ဘတ်ဂျတ်လည်း မရှိတဲ့အခါကျတော့ ဒီအပိုင်းမှာလည်း အားနည်းနေတယ်ပေါ့နော်။ အာဟာရပိုင်းမှာက အများနဲ့ဖြစ်တဲ့အခါကျတော့ အနည်းအကျဉ်း ပံ့ပိုးတာတော့ရှိတယ်။ အရင်လို ထိထိမိမိတော့ မလုပ်ပေးနိုင်တော့ဘူး။“လို့ ဆိုပါတယ်။
ပူတာအိုမြို့နယ်ထဲမှာ ခိုကိုးရာမဲ့ဘိုးဘွား အယောက် ၈၀ ကျော်ရှိတဲ့အပြင် နယ်လှည့် စောင့်ရှောက်ပေးနေတဲ့ အဖွဲ့မှာလည်း ငွေရေးကြေးရေးခက်ခဲတာကြောင့် အရင်ကလို ဆေးဝါးပိုင်းနဲ့ အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ထိထိရောက်ရောက် မကူညီပေးနိုင်တဲ့ အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။
ဘိုးဘွားတွေထဲမှာ အမြဲတမ်းဆေးဝါးမှီဝဲနေရတဲ့သူတွေလည်း ပါတာကြောင့် ဘိုးဘွားတွေအတွက် ဆေးဝါးတွေလိုအပ်နေတဲ့အပြင် ဆန်၊ဆီ၊ဆား-စတဲ့ အခြေခံစားသောက်ကုန်တွေလည်း လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ပူတာအိုမြို့မှာသာမက နေရာအနှံ့အပြားမှာ ဆေးဝါးရရှိဖို့ခက်တာနဲ့ ဈေးကြီးမြင့် နေတာဖြစ်ပါတယ်။
ပူတာအိုမြို့မှာတော့ လမ်းပိတ်သွားကတည်းက ဆေးဝါးရရှိဖို့ ခဲယဉ်းသွားသလို လက်ရှိ ကားတွေဝင်လာတဲ့ နောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းတွေ သိသိသာသာ ဈေးကျသွားတာတော့ မရှိသေးပါဘူး။