စက်တင်ဘာ၊၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ နေ့တိုင်းနီးပါးရှိနေပြီး စက်တင်ဘာလ ၂၃ရက်နေ့ (မနေ့က)လည်း ဗန်းမော်မြို့ဘက်က တက်လာတဲ့ တင့်ကားနှစ်စီးကို KIA ပူးပေါင်းတပ်ကနေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့ဘက်ကနေ မိုးမောက်မြို့နယ်ဘက် ခြေလျင်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ကနေ နေ့တိုင်းနီးပါး ခုခံတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်စစ်ကြောင်းသာမက လေကြောင်းနဲ့ပါ တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။
ဗန်းမော်မြို့ဘက်ကနေ တက်လာတဲ့ တင့်ကားနှစ်စီးကို ခုခံတိုက်ခဲ့ပြီး စစ်ကြောင်းပြန်ခေါက်သွားသလို စစ်ကောင်စီဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်ရုံသာမက လေကြောင်းနဲ့ပါ ငါးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မိုးမောက်ဘက် တိုက်ပွဲတော့ဖြစ်နေဆဲပဲ။ မနေ့ကလည်း လေယာဉ် လာတယ်။ ငါးခါ၊ ခြောက်ခါ လာပစ်တယ်။ ဒရုန်းတွေနဲ့ အမြဲတမ်း ပစ်နေတယ်။ မနေ့က လက်နက်ကြီးနဲ့လည်း အကြိမ်ရေ အမြောက်အများ ပစ်တယ်။ ဗန်းမော်ဘက်ကနေ မိုးမောက်ဘက် တက်လာတဲ့သူတွေကို ခုခံတိုက်ခိုက်ပြီး နေ့တိုင်းနီးပါးကို တိုက်ပွဲရှိနေတယ်“လို့ ပြောပါတယ်။
မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ပြီးနောက် ဗန်းမော်ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို KIA ကနေ ခုခံတိုက်ခိုက်နေပြီး တစ်လကြာတဲ့အထိ နေ့တိုင်းနီးပါး စစ်ရေးတင်းမာနေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။
မိုးမောက်မြို့က ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ မံစီမြို့အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်ပြီးနောက် လေးရက်လောက်အကြာ ဩဂုတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန် ထိုးလာတဲ့အတွက် စစ်ရေးတင်းမာနေတာပါ။
ဗန်းမော်မြို့ ဘက်ကနေ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လတ်တလော လက်လွှတ်လိုက်ရတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက ခမရ ၄၃၇ တပ်စခန်းကြီးဘက် စစ်ကြောင်းပြန်ထိုး လာနိုင်ဖွယ် အခြေအနေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းကြီးကို တစ်လနီးပါး တိုက်ခိုက်ခဲ့ရပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ KIA ကနေ အပြီး သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ပါ စစ်ကောင်စီ ခမရ ၄၃၇ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာပဲ ကောင်ဂျာယန်တပ်စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့ညနေပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး အပြီးသတ် လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိ ခမရ ၄၃၇ တပ်စခန်းကြီး အနီးအနားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ပေမဲ့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
ပုံဟောင်းအသုံးပြုထားပါသည်။