အစိုးရအသစ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ

2
KIA စစ်သင်တန်း

 

ဧပြီ၊၂၀

မြန်မာနိုင်ငံမှာ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ခဲ့ပေမဲ့ ကချင်ပြည်နယ်အတွင်းမှာတော့ စစ်ပွဲတွေဟာ မရပ်တဲ့အပြင် ပိုမိုပြင်းထန်နေပါတယ်။

သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်အသီးသီး ပြန်လည်ဖွဲ့စည်းလုပ်ကိုင်နေကြပေမဲ့ စစ်ပွဲတည်ငြိမ်ရေးအတွက်ကတော့ မလွယ်ကူသေးတဲ့ အခြေအနေလို့ ဆိုရမှာပါ။ ဒါဟာလည်း စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရ ပုံစံပြောင်းထားတာကြောင့် အရင်ကအခြေအနေနဲ့ ထူးမခြားနားဘဲ တိုက်ပွဲတွေ ရှိနေဦးမှာလို့ ဆိုလိုရင်း ဖြစ်ပါတယ်။

လူနည်းစုတွေရဲ့ တိုင်းရင်းသားအခွင့်အရေးကို မပေးနိုင်သ၍၊ ပြည်သူလူထုတွေ တောင်းဆိုနေတဲ့ အခွင့်အရေးတွေ မရနေသ၍ တိုက်ပွဲကတော့ ပိုပြီးမှ ပြင်းထန်လာဖို့ အခြေအနေပဲ ရှိပါတယ်။ ပြည်သူလူထု တောင်းဆိုမှုတွေ သူတို့ ဘယ်လောက်ထိ လုပ်ဆောင်လာနိုင်မလဲ၊ ပြည်သူလူထုရဲ့ ထောက်ခံမှု ဘယ်လောက်ထိ ပေးနိုင်မလဲဆိုတဲ့ အပေါ် မူတည်နေပါတယ် တိုက်ပွဲ အခြေအနေကတော့လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကော်ရှင်ဟာ တစ်နိုင်ငံလုံးနီးပါးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေဆက်ရှိနေသလို မြို့နယ်အားနီးလုံးပါး သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA) က ဆိုရင် ရခိုင်ပြည်နယ်အတွင်းက ကျန်ရှိနေတဲ့ မြို့နယ်တွေကို ၂၀၂၆-၂၇ မတိုင်ခင် အပြီးသတ်တိုက်ခိုက်မယ်လို့ တပ်တော်ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိတိလင်းလင်းပြောထားပါတယ်။

ကချင်ပြည်နယ်ဘက်မှာဆိုရင်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်လာပါပြီ။ တစ်ဖက်နဲ့တစ်ဖက် အပြတ်သတ်အသာစီးမရသေးလို မြို့ရဲ့ နေရာအများစုကို KIA က ထိန်းချုပ်ထားပြီး စစ်ကော်မရှင်တပ်နဲ့နီးတဲ့ တပ်စခန်းကြီးနေရာတွေကိုတော့ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။

လေကြောင်းပစ်ခတ်မှုတွေလည်း နေ့တိုင်းရှိနေသလို မြေပြင်တိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ပေးဆပ်မှုများတယ်လို့ KIC ရဲ့ ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောဆိုထားသလိုပဲ တစ်ဖက်နဲ့တစ်ဖက်ရဲ့ ဂုဏ်သိက္ခာတိုက်ပွဲလည်း ဖြစ်နေတာကြောင့် တိုက်ပွဲတွေလည်း မရပ်တန့်ပါဘူး။

စစ်ကော်မရှင်ကလည်း ရှိသမျှ နည်းပညာ၊ အင်အားနဲ့ ခုခံတိုက်ခိုက်နေတာပါ။ တစ်ဖက်နဲ့တစ်ဖက်အကျအဆုံးတွေလည်း များပါတယ်။

ဗန်းမော်ဘက်လည်း အရင်က သူတို့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်တဲ့ ၃မိုင် ဝန်းကျင်၊ တာမိုင်လုံ တက္ကသိုလ်အနီးနေရာတွေ၊ ခလရ ၄၇ နေရာတွေဘက် လက်နက်ကြီးနဲ့ ပစ်လိုက်၊ ဒရုန်းနဲ့ ပစ်လိုက်ပါပဲ။။ ကျနော်တို့ဘက် နည်းနည်းငြိမ်နေရင် သူတို့ ခြေလျင်တက်လာတယ်။ အဲဒါကို ပြန်ခုခံတိုက်ခိုက်တယ်။ ပြန်ဆုတ်သွားလိုက် အဲဒီလိုကတော့ နေ့တိုင်းလိုလိုဖြစ်နေတယ်လို့ KIO/KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နောက်ထပ်စစ်မျက်နှာတစ်ခုကတော့ ဖားကန့်ကျောက်စိမ်းတွင်းဒေသပါ။ လက်ရှိအချန် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး နေအိမ်တွေမီးလောင်ပျက်စီးရသလို ပြည်သူလူထုလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

လတ်တလော ဖားကန့်ဒေသဘက်က စစ်ရေးအခြေအနေကတော့ စစ်ကော်မရှင်ပူးပေါင်းတပ်တို့ အင်မားယန်နဲ့ မော်မောင်းလယန် ကျေးရွာဘက်ကို  စစ်ကြောင်းထိုးတာ ရှိနေပါတယ်။ မြေပြင်အပြင် လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါ။

ကာမိုင်းဖားကန့်လမ်းကနေ စစ်ကြောင်းအကြီး ထိုးဖို့ အစီအစဉ်ရှိတော့ ဖားကန့်မှာ ဆက်ပြီးတော့ နိုင်ငံရေး၊ စစ်ရေး ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

ဖားကန့်ဒေသဟာ အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် မေလအကုန်မှာ စစ်ကော်မရှင်က ဖားကန့်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ လူအင်အားတွေတိုးလာခဲ့တဲ့ အချိန်ကစပြီး အခုအချိန်ထိ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေတာပါ။ ကြားထဲမှာတော့ တိုက်ပွဲငြိမ်သက်သွားတဲ့ အချိန်တွေကတော့ ရှိပေမဲ့ တိုက်ပွဲငယ်(အနည်းငယ်ပစ်ခတ်မှု)တွေကတော့ ရှိနေခဲ့တာပါ။

အဲဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ကုန်ဈေးနှန်းကြီးမြင့်တာ၊ လမ်းပန်ဆက်သွယ်ရေးခက်ခဲတာ၊ စစ်ဘေးတိမ်းရှောင်ရတာ၊ အကြောက်တရားတွေနဲ့ နေ့စဉ်ရှင်သန်ရပ်တည်ရတာတွေကိုတော့ ပြည်သူတွေက တိုက်ရိုက်ခံစားနေရပါတယ်။

နောက်ထပ်တိုက်ပွဲတွေ ဖြစ်နေတာကတော့ ဝိုင်းမော်- ကန်ပိုက်တီလမ်းပါ။ အဲဒီလမ်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေကနေ ၂၀၂၄ နှစ်ကုန်မှာ သိမ်းပိုက်ထားချုပ်ထားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ကတော့ အဲဒီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြည်သူ့စစ်တွေနဲ့ပါ ပူးပေါင်းပြီး မြေပြင်၊ဝေဟင် စစ်ကြောင်းထိုး တိုက်ခိုက်နေပေမဲ့ လက်ရှိအချိန်ထိတော့ ဝိုင်းမော်မြို့အထွက် ၅၈ တပ်ရင်းအနီးအနားက ရွာတွေတောင်မကျော်နိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာဆိုင်ရင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဟာ မြို့နယ် ၆ ခုကို အပြီးအပြတ် သိမ်းပိုက်ထိန်းချုပ်ထားပြီးပါပြီ။ ချီဖွေ၊ဆော့်လော်၊ အင်ဂျန်းယန်၊မိုးမောက်၊ မံစီ၊ဆွမ်ပရာဘွမ်မြို့နယ်တွေ ဖြစ်ပါတယ်။

ဝိုင်းမော်နဲ့ ရွှေကူမြို့နယ်တွေက နေရာအများစုကိုလည်း ထိန်းချုပ်ထားသလို မြို့ပေါ်ရပ်ကွက်တွေလောက်သာ စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေပါ။

လက်ရှိအချိန်မှာ အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာတော့ စစ်တစ်ပိုင်းအစိုးရတပ်ရပ်တော့ ပေါ်ပေါက်လာခဲ့ပါပြီ။ သူတို့ရဲ့ ဦးလှည့်လာမယ့် ငြိမ်းချမ်းရေးခြေလှမ်းဟာ ဘယ်လောက်အထိ ယုံကြည်လို့ရနိုင်မလဲ၊ တကယ်ပဲ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်တဲ့ အခြေအနေမှာ ရှိသလားဆိုတာတော့ စောင့်ကြည့်သွားရဦးမှာပါ။

KIO/KIA အနေနဲ့ကတော့ အလိမ်အညာနဲ့ ယေဘုယျဆန်တဲ့ ဆွေးနွေးမှုမျိုးမဟုတ်ဘဲ တကယ်စစ်မှန်ပြီး အားလုံးပါဝင်နိုင်မယ့် ဆွေးနွေးမှုမျိုးဆိုရင်တော့ အသင့်ရှိနေတယ်လို့ တရုတ်နဲ့တွေ့ဆုံချိန်က ပြောဆိုထားသလို့ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းအချို့မှာလည်း နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရမှာဖြစ်တယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here