ယခုတစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ အိန္ဒိယနိုင်ငံ Kochi မြို့မှာ နိုဝင်ဘာလ၃ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Miss Asia Global 2018 ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်တိုင်းရင်းသူ၊ လီဆူမလေး Sarah Fish နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
သူမကတော့ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်မှာနေထိုင်ပြီး မွေးချင်းမောင်နှမ ငါးယောက်မှာ တတိယမြောက်သမီး ဖြစ်ပါတယ်။ သူမဟာဆိုရင် မြစ်ကြီးနားတက္ကသိုလ်က B.A(Psycho)ယနဲ့ ဘာသာရေးဘွဲ့ဖြစ်တဲ့ B.Th ဘွဲ့ ရရှိထားသူဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ရန်ကုန်မြို့ရှိ Australian Dream College မှာ Business Management ပညာရပ်ကို တက်ရောက် သင်ယူနေပါတယ်။
သူမအနေနဲ့ အနုပညာအလုပ်တွေကိုလည်း စိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့အတွက် Miss လောကထဲကို ၂၀၁၇ခုနှစ်က စတင်ဝင်ရောက်လာခဲ့တာပါ။ အခုဆိုရင် Myanmar Entertainment Miss Asia Global Organization ကနေ စေလွှတ်တဲ့ ပြိုင်ပွဲမှာဆိုရင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး Miss Beautiful Face Award ကို ရရှိလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလှမယ် Sarah ရဲ့ ပြိုင်ပွဲ တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ သူမရဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်ကနေ မေးမြန်းထားသမျှကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ပထမဦးဆုံးအနေနဲ့ ညီမရဲ့ ကိုယ်ရေးအချက်အလက်လေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးပါဦး။
ဟုတ် – ညီမနာမည်ကတော့ Sarah Fish လို့ ခေါ်ပါတယ်။ အနုပညာအမည် အတူတူပါပဲ။ ညီမ မွေးသက္က ရာဇ်က ၁၇-၄-၁၉၉၄၊ တနင်္ဂနွေသမီးပါ။

Miss လောကကို ဘယ်အချိန်က စတင်ဝင်ရောက်ခဲ့တာလဲ။
Miss Universe NaypyiTaw 2017 ကို စပြိုင်ခဲ့တာ။ အဲ့ဒါကတော့ ညီမ Miss လောကကို စတင် ဝင်ရောက်လာခဲ့တဲ့ ခုနှစ်ပါ။
ဒီ Miss လောကကို ဘယ်လိုနဲ့ ဝင်ရောက်ဖြစ်ခဲ့တာလဲ။
ညီမကလေ Miss Univrerse NaypyiTaw ပြိုင်တာက ပထမဆုံးအကြိမ်ပဲ။ ဟိုလို လီဆူပွဲ ဘာညာဆိုရင်လည်း ညီမ တစ်ခါမှမပြိုင်ဖူးဘူး။ ညီမက ဒီမန္တလေးမှာ ဘွဲ့ယူနေတဲ့အချိန်မှာ ပြိုင်ပွဲဝင်တွေ ခေါ်နေတယ် ဆိုပြီးတော့ ရန် ကုန်မှာရှိတဲ့ ဒီ လီဆူအနုပညာရှင်များ အသင်းကနေသူတို့က Sarah ရယ် နင် ဝင်ပြိုင်ပါလားဆိုပြီး ရန်ကုန်ကိုခေါ်တာ။ ခေါ်တော့ ညီမလည်း အမေ့ကို တိုင်ပင်ကြည့်တော့ တစ်ခါမှ အနုပညာကို အားမပေးတဲ့ အမေကလည်း ပြိုင်ကြည့်လေသမီး… ပြိုင်ကြည့်…ဆိုတာနဲ့ ပြိုင်ဖြစ်တာပေါ့။ လီဆူ အနုပညာရှင်များ အသင်းကနေတစ်ဆင့်ညီမ ဒီပြိုင်ပွဲတွေကို ဝင်ပြိုင်ဖြစ်ခဲ့တာပေါ့။
ညီမအနေနဲ့ ဒီ မြန်မာနိုင်ငံတွင်းမှာရော ဆုရဖူးတာရှိလား။
စပြိုင်တော့အဲ့ဒီ Miss Universe NaypyiTaw 2017 တုန်းက Second Runner Up ရခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ Miss Summer Myanmar 2017 မှာ Winner ဆုကိုရရှိခဲ့တယ်။ ဒါအတွက် ညီမက Europe ကို သွားပြိုင်ဖို့အတွက် အဲ့ဒီ Organization ကနေ စေလွှတ်ဖို့တာဝန် ရှိပြီးသား။ ညီမက တစ်နှစ်တာလုံး တခြား ဘာမှလည်း မပြိုင်ဘဲနဲ့နေခဲ့တယ်။ စောင့်ခဲ့တယ်။ ဒါပေမယ့် သူတို့ မလွှတ်နိုင်ခဲ့ဘူးပေါ့နော်၊ တာဝန်ပျက်ကွက်ခဲ့တာပေါ့။ အဲ့ဒီတော့နောက်ပိုင်း ဒီ Miss Asia Global Myanmar Organization ကနေ ညီမကို သူတို့မလွှတ်နိုင်တော့တာကို သိတဲ့အချိန်မှပဲ သူတို့က ညီမကို သဘောကျလို့ပေါ့။ အဲ့လိုပေါ့။ညီမကို အိန္ဒိယမှာ သွားပြိုင်ခိုင်းတယ်။ အဲ့လိုပေါ့…ဟုတ်။ သူတို့က ပွဲ မကျင်းပတော့ဘဲနဲ့ တစ်ခါတည်း စေလွှတ်လိုက်တာ ပေါ့နော်။
ဒါဆိုရင် နိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်တာက ပထမဆုံးအကြိမ်ပေါ့နော်။
ဟုတ်ပါတယ်… ဒါ ပထမဆုံး အကြိမ်ပါ။
ဒီ Miss Asia Global 2018 ကိုရော ဘယ်လို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ။
အဲ့ဒါက ခုနကညီမပြောသလိုပေါ့နော် သူတို့က ညီမကို တစ်နှစ်တာလုံး စောင့်ကြည့်နေတယ်။ ပြီးတာ့ သူတို့က ညီမကို ကြိုက်တယ်။ သူတို့ Organization က ကြိုက်တယ်။ ဒါပေမဲ့ ညီမ ဒီ Europe ကို သွားပြိုင်ဖို့အတွက် Miss Summer Myanmar Organization ကနေ စေလွှတ်မှာဆိုတော့ သူတို့လည်း ငြိမ်ခံနေတယ်။ သူတို့က အဲ့လိုပွဲကြီးကို မြန်မာနိုင်ငံမှာ တစ်ခါ ပွဲမလုပ်နေတော့ဘူးကွာ။ တစ်ခါတည်း ညီမကို တစ်နှစ်တာလုံး ညီမရဲ့လှုပ်ရှားမှု အားလုံးကို စောင့်ကြည့် နေခဲ့တာပေါ့နော်။ သူတို့က စောင့်ကြည့်နေခဲ့တော့ ညီမ ဒီ Miss Summer မပြိုင်ဖြစ်တော့ဘူး ဆိုတာနဲ့ ညီမကို တစ်ခါတည်း ဝင်ပြိုင်ဖို့ ကမ်းလှမ်းလာခဲ့တာပေါ့နော်။ သူတို့ Organization ကလည်း ရွေးချင်တယ်ပေါ့နော်၊ ညီမရော အဆင်ပြေနိုင်မလားပေါ့။ ညီမလည်း ပွဲတစ်ခု မပြိုင်ဖြစ်တာနဲ့ အတော်ပဲလေနော်၊ ပြင်ဆင်နေတဲ့ အတောအတွင်းလည်း ဖြစ်နေတဲ့အခါကျတော့ ဝင်ပြိုင်မယ်လို့ပြောပြီး ပြိုင်ဖြစ်တာပေါ့။ သူတို့က ၅ လ လောက် ကြိုတင်ပြီးတော့ ကမ်းလှမ်းလာခဲ့တယ်။ အဲ့ဒီတော့ညီမအတွက် ပြင်ဆင်ချိန် ပိုရှိသွားတာပေါ့။ သူတို့က Casting အရင်ရွေးပြီးမှ Media မိတ်ဆက်ပွဲ တစ်ခါတည်း လုပ်လိုက်တာပေါ့။
သွားမပြိုင်ခင် ပြင်ဆင်ရတဲ့အပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲအနေနဲ့ ဘာတွေရှိခဲ့လဲ။ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။
ညီမက ပြင်ဆင်ချိန် ၅ လလောက်ရှိခဲ့တယ်။ ပြင်ဆင်ချိန်ရှိရင်လည်း နည်းနည်းလောက် ညီမအတွက် အခက်အခဲ ဖြစ်သွားတာကတော့ ညီမကျန်းမာရေးကြောင့် အရေးပေါ် Operation လုပ်ထားတာမကြာသေးဘူး။ ဒီဆေး ရှိန်တွေကြောင့် ပွသွားတယ်လို့ ပြောရမလား။ ဗိုက်တွေလည်း အဆီတွေနဲ့ဝသွားတယ်။ ညီမအတွက် Gym က အမီဆော့ ရတော့မယ်။ Gym ဆရာတွေကလက်မခံဘူး၊ သူတို့လည်းမဆော့ခိုင်းဘူး၊ ခွဲစိတ်ထားတာ သိပ်မကြာသေးတော့ စိုးရိမ်တာပေါ့။ ညီမ အဲ့ဒီအတွက်ကြောင့် လည်း အများကြီး Worry ဖြစ်သွားတယ်။ ဟာ… ငါ ပြိုင်ပွဲလည်း နီးလာ ပြီပေါ့။ ငါဘယ်လိုလုပ်ရမလဲပေါ့။ အဲ့နောက်ပိုင်းတော့ ညီမ မတတ်သာတဲ့အဆုံး Gym ဆော့တာထက် အစားနဲ့ပဲ ဒီ Diet Plan နဲ့ပဲ သူများထက်အစားလည်း အများကြီး လျှော့စားခဲ့ရတယ်။ အသီးတွေများများစား။ ညနေပိုင်းဆိုရင်လည်း အစားလျှော့စားနဲ့။ ညီမအနေနဲ့ ဒီ Body ပိုင်းဆိုင်ရာမှာ Train ဖို့ နည်းနည်းအဆင်မပြေ ဖြစ်သွားတယ်။ ဒါပေမဲ့ အဲ့ဒီလောက်ကြီးလည်း ကိုယ့်ကိုယ်ကိုယ် ကြည့်ရမဆိုးသွားဘူးလို့တော့ ထင်တယ်ပေါ့နော်။ ညီမအတွက်ကျ အဲ့ဒါက အခက်ခဲဆုံးပေါ့နော်။ ကျန်တာတွေကကျတော့ ညီမအတွက်တော့ ဒီ အင်္ဂလိပ်စာ ဆိုရင်လည်း ကိုယ်ပိုင် Self Study, Self Training နဲ့ပဲ လေ့ကျင့်ခဲ့ရတယ်။ အဲ့လိုပေါ့ Supporting သိပ်မရှိဘူး… ညီမမှာလေ။ Organization အရမ်းကြီး မတောင့်ဘူး၊ အဆင် မပြေတော့ ကိုယ့်ဟာကိုယ်ပဲ လေ့ကျင့်ယူခဲ့တယ်။ ဟုတ်..အခက်အခဲတွေ အများကြီးကနေ ပြင်ဆင်ခဲ့ရတယ်။
သွားပြိုင်တော့ရော နိုင်ငံပေါင်း ၂၆ နိုင်ငံက Miss တွေပါတယ်ပေါ့နော်။ သူတို့နဲ့ ယှဉ်ပြိုင်တဲ့အခါမှာရော ကိုယ့်အတွက် စိန်ခေါ်မှုတွေ အနေနဲ့ဘာတွေ ရှိခဲ့လဲပေါ့။
ညီမအတွက်ကတော့အဲ့လိုမျိုးတော့မရှိဘူး။ ညီမအတွက်က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်တာ ဒါပထမအကြိမ်ဆိုတော့လေ။ ညီမအတွက်က အဲ့လိုမျိုး စိတ်တော့မရှိပေမယ့် ငါဟာ သူတို့တွေ့ရင် ဘယ်လိုနေမလဲ။ ပြီးတော့ မြန်မာနိုင်ငံကလူတွေကလေ သူတို့နဲ့ယှဉ်ရင် သေးသွားကြတယ်။ အရပ်ပိုင်းဖြစ်ဖြစ်၊ သူတို့လောက်မရှည်ဘူး။ အဲ့လိုမျိုးဖြစ် တတ်လို့ပေါ့နော်။ ကိုယ် ဟိုရောက်ရင်လည်း ကိုယ်က အသေးဆုံး ဖြစ်သွားမလားဆိုပြီး တွေးမိတာတော့ရှိတယ်။ သူတို့ Page ကနေတက်လာတဲ့ပုံတွေ ဆိုရင်လည်း အရမ်းလှတဲ့သူတွေပဲဆိုတော့ မသွားခင်လေး နည်းနည်းရှိန်တာတော့ ရှိတယ်။ စိတ်လည်း အရမ်းလှုပ်ရှားတယ်။ သွားလိုက်တော့လည်း ဒီလိုပါပဲ အဆင်ပြေသွားတယ်ပေါ့။ မသွားခင်လေး နည်းနည်းရှိန်တာလောက်တော့ ရှိခဲ့ပါတယ်။
ပြီးတော့ ညီမအနေနဲ့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အမှတ်တရလေးတွေ ရှိခဲ့မှာပဲလေနော်။ ပရိသတ်တွေကို ပြောပြပေးပါဦး။
အမှတ်တရလား… အများကြီးရှိခဲ့တယ်။ ဘာလို့ဆို သူများနိုင်ငံက လာပြိုင်တဲ့သူတွေဆိုပြီး သိပ် ရှိန်စရာမရှိဘူး။ သူတို့လည်း အင်္ဂလိပ်စာမတတ်တဲ့သူတွေ အများကြီးပါတယ်။ ကိုယ့်ရဲ့အခန်းဖော် ဆိုရင်လည်း ရုရှားကဟုတ်တယ်။ သူက စစတုန်းက ညီမကို စကားလည်းမပြောဘူး သိလား။ Room-mate သာပြောတာ စကားမပြောဘူးသိလား။ နောက်ပိုင်းကျတော့ ညီမ စိုးရိမ်လာတယ်။ ညီမတစ်ခုခုမေးတိုင်း I..don’t..un..der..stand.. ဆိုပြီး ပြောတော့ .. အော်..ငါပြောတာများ မှားနေတာလား။ တစ်ခုခု ဖြစ်လို့လား၊ စိတ်တွေရှုပ်ဖြစ်ခဲ့ရတယ်။ နောက်တစ်ရက်နှစ်ရက်နေမှ သူကအင်္ဂလိပ်လို လုံးဝကို မပြောတတ်တာ သိခဲ့ရတော့ အဲ့ဒါကြောင့်ကိုး… ဆိုပြီး ဖြစ်ခဲ့ရတယ်။ အစကလေ မြန်မာဆိုတာနဲ့ သူများက အထင်သေးချင်တာလေ။ အဲ့ဒါကြောင့်မို့ ညီမကို စကားမပြောချင်တာလားဆိုပြီး ထင်ခဲ့တယ်။ နောက်ပိုင်းကျတော့ သူ့ကိုယ်သူ အားငယ်ပြီးတော့ မပြောဖြစ်တာကိုသိတော့ ညီမတို့နှစ်ယောက်က ရယ်လည်းတော်တော်ရယ်ရတယ်။ ဘာလို့ဆို နှစ်ယောက်သား Translator Application နဲ့ ဆက်သွယ်ကြ တယ်။ အဲ့ဒါကတော့ အရမ်းအမှတ်တရ ဖြစ်ပါတယ်။ နောက် အမှတ်တရအဖြစ်ဆုံး တစ်ခုကတော့ Talent Competition မှာ လီဆူရိုးရာဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တယ်။ အဲ့ဒီအချိန် ညီမအလှည့်ရောက်တော့ မြန်မာဆိုပြီး တက်ခါနီးမှာ ချိတ်ကပြုတ်သွားတယ်၊ ကွဲသွားတယ်။ ဆရာမရယ် သမီးသွားလဲမယ်ဆိုတော့ Chance မရှိဘူး။ ကိုယ့်အလှည့် ပြီးသွားပြီဆိုရင်ကျော်သွားမှာ ဆိုတော့ပေါ့နော်… ဟာသလည်းဖြစ်သွားတယ်။ အဲ့လိုတော့ ရှိခဲ့တယ်…ဟုတ်။
ပြိုင်ပွဲဝင်တော့ရော ညီမအနေနဲ့ အဆင်မပြေတဲ့အပိုင်းတွေရှိခဲ့လား။
ဒီပြိုင်ပွဲက နည်းနည်းတော့ကျပ်တယ်။ သူတို့က ရုပ်လှတာမလှတာထက် အဓိက Question and Answer ကို အရမ်းကြည့်တယ်။ ပြီးတော့ သူတို့က နှုတ်တိုက်နဲ့ အရင်ဖြေတယ်။ ရုရှားမတွေဆိုရင် အင်္ဂလိပ် စကား သိပ်မပြောတတ်ဘူး။ အဲ့ဒီတော့ Translator တွေကို ခေါ်ခွင့်ရှိတယ်။ ညီမလည်း ခေါ်ချင်တာပေါ့ အစ်မရယ်။ မြန်မာနိုင်ငံကနေ Translator ပြန်ခေါ်ဖို့ ဆိုတာက ကိုယ်ကအဲ့လောက်ကြီး Background တောင့်တဲ့ သူလည်းမဟုတ်ဘူး… မခေါ်နိုင်ခဲ့ဘူး။ သူများနိုင်ငံ ဗီယက်နမ်ဆိုရင်လည်း အကုန်လုံးခေါ်တယ်။ ညီမအတွက်တော့အခက်အခဲ ဖြစ်ခဲ့တယ်။ နောက် အရမ်းအဆင်မပြေတာကကျတော့ နှစ်ခုရှိတယ်။ တစ်ခုက ညီမကအိန္ဒိယတွေပြောတဲ့ အင်္ဂလိပ်ကို နားထောင်ရတာ ခက်တော့ ပြန်ပြန်မေးနေရတယ်။ ပြီးတော့ ညီမက မဆလာအနံ့ကို လုံးဝမခံနိုင်ဘူး။ အစားလည်း အဆင်မပြေခဲ့ဘူး။
အခက်အခဲတွေ ကြားကနေ ဘယ်လိုခွန်အားယူ ရှေ့ဆက်ခဲ့လဲ။
ဟိုရောက်တော့ ညီမတစ်ယောက်တည်းဆိုတော့ အားငယ်နေရင်လည်း ခဏပဲ။ အားငယ်နေရင် လည်း ဘယ်သူမှ ငါ နင့်အတွက်လုပ်ပေးမယ် ဆိုတာလည်းမရှိဘူးလေ။ အဲ့ဒီတော့ ညီမတကယ် ဆုပဲတောင်းတယ်။ ကိုယ့်ဟာကိုယ် ဘာမှမလုပ်နိုင်တဲ့အချိန်၊ အားငယ်တဲ့အချိန်တွေ ရှိခဲ့တယ်။ အဆင်မပြေမှုကြုံလာပြီဆိုရင်လည်း ငိုချင်လာတယ်။ ဘယ်သူမှ အားပေးမယ့်သူမရှိဘူး။ ကိုယ်ကလည်း တိတ်တိတ်ပုန်းပဲ ငိုတာကိုး။ နောက်ပိုင်းကျတော့ ကိုယ့်ဟာကိုယ် ဘုရားဆီမှာပဲ ဆုတောင်းတယ်၊ ခွန်အားယူတယ်။ အဲ့လိုမျိုးနဲ့ ကိုယ်ငိုနေလို့ရော ဘာရမှာလဲပေါ့နော်၊ ကိုယ့်ကိုယ်ကိုယ်ခွန်အားပေးပြီ း ကြိုးစားခဲ့တယ်။

ကိုယ့်အနေနဲ့ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်တဲ့အခါမှာရော ဝန်ထုပ်ဝန်ပိုးဖြစ်မိတာရောရှိလား။
အဲ့လိုမျိုးတော့မရှိဘူး။ ဒါပေမဲ့ စိတ်ထဲမှာလေ၊ သြော်… ငါ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက် အနေနဲ့ သွားရတဲ့ သူဆိုတော့နော် ကိုယ့်ကိုလူတိုင်းက စောင့်ကြည့်နေကြပြီလေ။ မြန်မာ ..မြန်မာ..ဆိုပြီးမှ။ မြန်မာတွေကလေ တကယ် အရမ်းချစ်ဖို့ ကောင်းတယ်။ အကုန်လုံးပဲ တိုင်းရင်းသား/သူအားလုံး ပါပြီလေနော်။ တကယ်လည်း ခွန်အားအရမ်းရှိတယ်။ ညီမကကျတော့ fan တွေ အများကြီးရှိတယ်၊ Facebook မှာလည်း ပရိသတ် အရမ်းများတယ်နော်လို့ သူတို့ကပြောလာတော့ သူများရှေ့မှာ အရမ်း ခွန်အားရတယ်၊ ဂုဏ်ယူစရာလည်းဖြစ်တယ်။ ပြိုင်နေတဲ့အချိန်ဆိုရင်လည်း Live လွှင့်ရင်လည်း မြန်မာ… မြန်မာဆိုပြီး တက်လာတော့ ကိုယ့်အတွက် ခွန်အားတစ်ခုဖြစ်ခဲ့တယ်။ တစ်ဖက်ကကြည့်မယ် ဆိုရင်တော့ ကိုယ့်အတွက် တာဝန်ပိုကြီးသွားသလိုဖြစ်တယ်။ သူတို့အတွက် ဆုတစ်ခုသာ မရနိုင်ခဲ့ဘူးဆိုရင် ဆိုပြီး စိုးရိမ်တဲ့အပိုင်းတွေတော့ရှိခဲ့တယ်။ Winner မရသော်လည်း Title Award ဆုတစ်ခုကိုတော့ ရခဲ့တယ် ပေါ့နော်။
အခုဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုလေးကြောင့် နိုင်ငံကိုယ်စားပြုအနေနဲ့ ဆုကြီးတစ်ခုကို ရရှိခဲ့တဲ့ အတွက်ရောဘယ်လိုခံစားရလဲ။
တကယ်ကို အရမ်းပျော်တာပဲရှိတာပေါ့နော်။ ပျော်တယ်ဆိုတဲ့စကားထက်လည်း ထပ်ပြောလို့လည်း မရတော့ဘူး။ တကယ်ကို စိတ်ထဲကနေအရမ်းပျော်ခဲ့တယ်။ ဘာလို့ဆိုဘာမှလက်ကြီးဗလာနဲ့ ပြန်လာရတာထက်စာရင် ဆုကြီးတစ်ခု ရရှိလာတဲ့အတွက် အရမ်းပျော်တယ်။ ဒီ Miss Beautiful Face Title Award ကလေ တကယ်ကို မယုံနိုင်စရာပေါ့နော်။ ဘုရားကောင်းချီးပေးတာပဲနေမှာပေါ့။ ဒီ Title Award က သူများမလှလို့တော့ မဟုတ်ဘူး။ တကယ်လည်း ဒီပြိုင်ပွဲမှာပါတဲ့သူတွေက အားလုံး အရမ်းလှကြတယ်။ အဲ့ဒီ လှနေကြတဲ့လူတွေကြားကနေ အခုလိုမျိုး မြန်မာကရသွားတော့ ဂုဏ်ယူစရာ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဂုဏ်ယူပြီးတော့ မြောက်သွားဖို့တော့ မဟုတ်ဘူးပေါ့နော်။ ဒါက ဘုရားပေးတဲ့ ကောင်းချီးတစ်ခုလို့ပဲ ခံယူပါတယ်။
နောက်ပြီး အိန္ဒိ္ဒယနိုင်ငံသွားတော့ ညီမအနေနဲ့ စိတ်ထဲမှာစွဲထင်နေတဲ့ သူတို့ရိုးရာတစ်ခုကို ပရိသတ်တွေကို ပြောပြပေးပါဆိုရင်ရော။
အန္ဒိယ Culture တစ်ခုပြောရမယ်ဆိုရင် သူတို့မှာ အရမ်းချစ်စရာကောင်းတဲ့ အမူအရာတစ်ခု ရှိတယ်။ အဲ့ဒါကတော့ သူတို့က တစ်ခုခုပြောလိုက်ပြီဆိုရင် ခေါင်းလေး ရမ်းရမ်းသွားတယ်ပေါ့နော်။ အစက ညီမက ဘာလဲပေါ့နော် Culture Shock နည်းနည်းဖြစ်တယ်။ ညီမက အိန္ဒိယကားဆိုရင်လည်း အရမ်းကြည့်တယ်ဆိုတော့ ဇာတ်ကားထဲမှာပဲ လှအောင်ချစ်စရာကောင်းအောင် လုပ်တယ်ထင်တာ၊ တကယ်လည်း သူတို့က အပြင်မှာလည်း အဲ့လိုလုပ်တယ်။ သူတို့အတွက်တော့ OK လို့ ပြောလိုက်တာပဲ။ ပြီးရင် နောက်တစ်ခုကကျတော့ သူတို့က အမြဲတမ်းတွေ့တိုင်း လက်လေးကိုစုပြီး နာမားစတေးဆိုပြီး နှုတ်ဆက်တယ်။ တစ်ခုတစ်ခုဆိုရင်လည်း hank you, Sorry နဲ့ အဲ့ဒါတွေကတော့ တကယ် အရမ်းချစ်စရာ ကောင်းတယ်။ တစ်ခုပြောချင်တာက အဲ့ဒီကို သွားမယ်ဆိုရင်တော့ Culture Shock မဖြစ်အောင် အဲ့ဒါတွေကိုတော့ ကျင့်သွားသင့်တယ်လို့ ထင်တယ်။
ညီမအနေနဲ့ အခြားအနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတာတွေရောရှိလား။
ဝါသနာလည်း ပါတယ်၊ စိတ်လည်း ဝင်စားတယ်။ နည်းနည်းပါးပါး လုပ်တတ်တဲ့အရာ ဆိုရင်တော့ ညီမ ဂီတာတီးတတ်တယ်။ အဲ့လိုမျိုးပေါ့။ သီချင်းတွေဆို အသံကတော့မကောင်းဘူးပေါ့လေ။ အခြား ဆိုရင်တော့ သရုပ်ဆောင်လည်း ဝါသနာပါတယ်။
အခုဆိုရင် Miss တစ်ယောက်အနေနဲ့ နာမည်တစ်ခုလည်း ရလာပြီဆိုတော့ နောက်ပိုင်းကျရင်ရော အနုပညာနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်သွားဖို့ စဉ်းစားထားတာတွေရော ရှိလားပေါ့။
ညီမအနေနဲ့ သရုပ်ဆောင်လည်း ဝါသနာပါတယ်ဆိုတော့ MTV ရိုက်ထားတာတွေရောရှိတယ်။ နောက် ကမ်းလှမ်းလာမယ် ဆိုရင်လည်း လုပ်သွားဖို့ ရှိပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ရင်တော့ ဒါ ပထမဦးဆုံး အတွေ့အကြုံပေါ့နော်။ ဆိုတော့ ညီမကိုယ်တိုင် သိပ်အားမရသေးဘူး။ နောက် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Organization တစ်ခုခုကနေ ကမ်းလှမ်းလာမယ် ဆိုရင်တော့ ဝင်ပြိုင်ချင်ပါသေးတယ်။ ကိုယ့် အတွက် ကြိုးစားချိန်သိပ်မရလို့ အားနည်းချက်တွေရှိခဲ့တယ်။ ကိုယ့်အနေနဲ့ ကိုယ်မလုပ် နိုင်ခဲ့တဲ့ဟာတွေကို ထပ်ပြီးကြိုးစားချင်သေးတယ် အဲ့လိုစိတ်ကူးထားတယ်။
ညီမအနေနဲ့ တက်သစ်စ Miss တွေကိုရော ဘယ်လိုခွန်အားတွေပေးချင်လဲ။ ဖြည့်စွက်ပြီးပြောပြပေးပါဦး။
အခု မြန်မာနိုင်ငံမှာက Miss တွေက တော်တော်လေးများလာတယ်။ ဖြစ်ချင်တာများလာတယ်။ အဲ့ဒါဆိုတော့ ကိုယ်ကလေ တစ်ခုခု လုပ်တော့မယ်ဆိုရင်လေ အတွေ့အကြုံအရမ်းရှိလို့ ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေပေးချင်တာကတော့ တစ်ခုစဉ်းစားရမှာက ငါက မြန်မာနိုင်ငံမှာပဲ ပြိုင်မှာလား၊ မြန်မာနိုင်ငံကိုယ်စားပြု တစ်ယောက်ဖြစ်အောင် လုပ်မှာလားပေါ့။ ကိုယ် အဲ့လိုဆုံးဖြတ်ထားလို့ရှိရင် ကိုယ် အနီးကပ်ရောက်မှ မဟုတ်ဘူး၊ ပြင်ဆင်ချိန်လေး ယူပြီးတော့ အင်္ဂလိပ်ပိုင်းရော၊ Physically ရော Mentally ပိုင်းရော အရမ်းအရေးကြီးတယ်။ ကိုယ်က အားငယ်နေရင် ကိုယ်ပဲရှုံးသွားမှာ။ ပြီးတော့ Inner Beauty ရောအရမ်းလိုတယ်။ ကိုယ်က နိုင်ငံကိုယ်စားပြုတစ်ယောက် အနေနဲ့ သွားပြိုင်ရင် အဲ့ဒါတွေအရမ်း အရေးကြီးတယ်။ Sarah တို့ပြိုင်ပွဲမှာလည်း တချို့တွေမပါလာကြဘူး။ အဲ့လိုမျိုးဆိုရင် ဟာဒီနိုင်ငံက စိတ်ဓာတ်က ဘယ်လိုဖြစ်တယ်ပေါ့နော်။ Sarah တောင်မှ အဲ့လို တွေးမိတာတွေ ရှိခဲ့တယ်။ အဲ့တော့ သူများကို အကောင်းတွေချပြနိုင်အောင် Physically, Mentally ပိုင်းရော အကုန်လုံးကို ပြင်ဆင်ပြီး သွားပြိုင်ဖို့ တိုက်တွန်းချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ညီမကို မြစ်ကြီးနားသတင်းဂျာနယ်က ကျေးဇူးအများကြီး တင်ပါတယ်။
ညီမလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့။ ကိုယ့်ရဲ့ကချင်ပြည်နယ်သူ၊ မြစ်ကြီးနားသူ တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ အချိန်ပေးမေးမြန်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
Benadeth







