မတ် ၂
စင်ကာပူနိုင်ငံတွင် ကျင်းပမည့် Miss Lumiere International Word 2018 အလှမယ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ကချင်တိုင်းရင်းသူအလှမယ် အမ်ဆိုင်းခေါန်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည့် အလှမယ်ကို Union Of Myanmar Organization က ရွေးချယ်ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူသည် လာမည့်ဇွန်လတွင် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း အလှမယ်အမ်ဆိုင်းခေါန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောပြသည်။
“အခုပြိုင်ပွဲအတွက် အဓိကကတော့ ဘာသာစကား လေ့လာနေတယ်။ နိုင်ငံတကာက အလှမယ်တွေနဲ့ ပြိုင်ရမှာဆိုတော့ စိတ်ဖိဆီးမှုတော့ နည်းနည်းများနေတယ်။ ကချင်ပြည်နယ်ရဲ့ ဂုဏ်ကိုသာမကမြန်မာနိုင်ငံဂုဏ်ကိုပါ ဆောင်နိုင်တဲ့ အလှမယ်ဖြစ်အောင် ကြိုးစားသွားပါ့မယ်”ဟု အလှမယ် အမ်ဆိုင်းခေါန်ကပြောသည်။
အလှမယ် အမ်ဆိုင်းခေါန်အနေဖြင့် လတ်တလောတွင် မဂ္ဂဇင်းနှင့်ဂျာနယ်တို့အတွက် အလှဓါတ်ပုံများ ရိုက်ကူးပေးနေကြောင်း သိရသည်။
Miss Lumiere International World 2018 အလှမယ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များ လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တူညီဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းဝတ်စုံ၊ National Costume များဖြင့် ယှဉ်ပြိုင်ရမည်ဟု သိရသည်။
အလှမယ် အမ်ဆိုင်းခေါန်သည် မြစ်ကြီးနားမြို့ရှိ ယုဇနရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ Modeling လောကသို့ စတင်ခြေချလာသော အလှမယ်တစ်ဦးဖြစ်သည်။
ဆိုင်းထွယ်ဇင်