မေ၊ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုသူ ၁၀ ဦးကျော်ကို သက်ဆိုင်ရာဌာနကနေ တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။
အဲဒီလို အကွက်ရိုက်ပြီး ရောင်းချသူတွေမရှိအောင်နဲ့ ဝယ်ယူသူတွေမရှိအောင် သက်ဆိုင်ရာ၊ ဝန်ကြီးဌာနနဲ့ ဌာနအဆင့်အဆင့်ကို တရားဝင် တားဆီးစာထုတ်ပြန်တာတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြောပါတယ်။
“လုံးဝမဖြစ်စေချင်ဘူး။ ရွာတိုင်း၊ရပ်ကွက်တိုင်း လယ်တောတွေကို ဈေးရလို့ အကွက်ရိုက်ပြီးရောင်းနေတာ နောက်ဆို စားဖို့ရှိတော့မှာ မဟုတ်ဘူး။ ဒါကိုတော့ အထူးကာကွယ်တားဆီးနေတယ်။”လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။
မြေဈေးတွေ ကောင်းလာတဲ့အတွက် ကချင်ပြည်နယ်အတွင်းရှိ မြို့တွေနဲ့ ရပ်ကွက်၊ ကျေးရွာတိုင်းလိုလိုက လယ်ယာမြေတွေကို လယ်ရှင်တွေသာမက ငွေကြေးရှင်တွေကပါ ဝယ်ယူကြပြီး အကွက်ရိုက် ရောင်းချမှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် လမ်းညွှန်ချက်နဲ့အညီ ပြည်နယ်အတွင်း လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်၊ ဘယ်သူ့ကိုမှ မပေးထားဘူးလို့ ပြည်နယ်ကောင်စီ ဝန်ကြီးချုပ်ကဆိုပါတယ်။
“ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ ဘယ်သူ့ကိုမှ လယ်ကိုအခြားနည်းအသုံးပြုခွင့် မပေးဘူး။တစ်ချို့ကလည်း မရရင်လည်း လုပ်နေတဲ့ ဟာတွေရှိတယ်လေ။ နေရာအနှံ့လိုလို အကွက်ရိုက်နေကြတယ်။ အားလုံးကို တားထားတယ်။ ပြီးရင် သူတို့အားလုံးကိုလည်း တရားဥဒေနဲ့အညီ ထုတ်ပေးတာတစ်ခုမှမရှိဘူး။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
လယ်ကုန်း၊ ရမ်ပူ၊ ခေမာသီရိ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ တပ်ကုန်း၊ စီတာပူ၊ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ မြစ်ကြီးနားမြို့တွင်းက လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို တရားဝင် ခွင့်ပြုပေးထားတာမရှိဘူးလို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။
တရားမဝင် လယ်မြေကို အကွက်ရိုက်ပြီး ရောင်းချသူတွေ၊ ဝယ်ယူပြီး မြေဖို့၊ အိမ်ဆောက်လုပ်နေကြတဲ့ သူတွေကို သက်ဆိုင်ရာဥပဒေနဲ့ အညီ တရားစွဲဆို အရေးယူသွားမှာဖြစ်တဲ့အတွက် ဆက်လက်မလုပ်ဆောင်ဖို့ကိုလည်း အကြံပြု ပြောဆိုခဲ့ပါတယ်။







