ရခိုင်က မူဆလင်ရွာကို စစ်တပ် ဗုံးကြဲလို့ ကလေး ၁၁ ယောက်အပါအဝင် ပြည်သူ ၂၀ ကျော် ပွဲချင်းပြီးသေဆုံး

195

 

မတ်၊ ၂၀

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က မူဆလင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ကလေး ၁၁ ယောက်အပါအဝင် လူပေါင်း ၂၂ ယောက် အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ မတ်လ ၁၈ ရက်နေ့မနက် ၁ နာရီကျော်က တိုက်လေယာဉ်တစ်စီးနဲ့ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၁ ယောက် ပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ယောက်ကတော့ AA က ဆေးကုသပေးနေချိန် ထပ်သေဆုံးသွားတာလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ သာဒါကျေးရွာက ၁၀ ယောက်နဲ့ အဲဒီကျေးရွာကိုစစ်ဘေးလာရှောင်တဲ့ ဆင်ကြီးပြင်ကျေးရွာက ၁၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး အဲဒီထဲမှာ အသက် ၅၇ အရွယ်ကနေ အသက် ၁ နှစ်အရွယ်ထိ ပါဝင်ပြီးတော့ ဒဏ်ရာရသူစုစုပေါင်း ၂၉ ယောက်ထိရှိတယ်လို့ AA က ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် စုစုပေါင်းဒဏ်ရာရသူ ၂၉ ယောက်ထဲမှာလည်း ကလေးငယ် ၁၁ ယောက်ပါဝင်ပြီး သူတို့တွေကိုတော့ AA က ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်သည်။” လို့လည်း AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေနဲ့သက်ဆိုင်တဲ့နေရာတွေ၊ ရှေးဟောင်းအမွေအနှစ် နေရာတွေကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ကနေ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ရက်ထက်တစ်ရက် မိုက်ရူးရဲဆန်ဆန် ပိုပြုလုပ်လာနေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း စစ်တပ်ဟာ လေကြာင်းကနေ စာသင်ကျောင်းတွေကို ဗုံးကြဲခဲ့တာကြောင့် ကလေးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here