မတ်၊၈
ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ နန်းကွေ့တိုက်နယ်၊ နောင်းပုံကျေးရွာ ရာဘာခြံသွားလမ်းဘက်မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီနောက်ပိုင်းကနေ တောင်ယာခင်းသွားလာတဲ့ ပြည်သူတွေကို အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေကနေ စစ်ဆေးရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
နောင်းပုံကျေးရွာအတွင်းကနေ တောဘက်သွားတဲ့ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် အရပ်ဝတ်တွေ ဝတ်ဆင်ပြီး လမ်းသွား၊ လမ်းလာ ပြည်သူတွေကို တားစီးစစ်ဆေးနေတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အရပ်သားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“နန့်ကွေ့ချောင်းတံတား အနီးအနားမှာလည်း စစ်သားတွေအများကြီးရှိတယ်။ နောင်းပုံ လမ်းမကြီးဘက်တော့ မဟုတ်ဘူး။ နန့်ကွေ့ချောင်းသွားတဲ့ လမ်းကြားဘက်မှာ စစ်တာ။ အရပ်ဝတ်နဲ့ ကျည်ကာပြန်ဝတ်ထားကြတာ။ သေနတ်တော့ အပြည့်အစုံကို လွယ်ထားတယ်။ “လို့ ပြောပါတယ်။
အဲဒီတောင်ယာ သွားလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေ ၅ယောက်လောက် တစ်စုစီနဲ့ နေရာ ၅ နေရာထက်မနည်း နေရာယူထားပြီး အသက်အရွယ်ကြီးသူတွေကလွဲရင် အသက်ငယ်ရွယ်သူတွေ အားလုံးကို တားဆီးမေးမြန်းနေတဲ့အပြင် ဆိုင်ကယ်(Tool Box)ဖွင့်စစ်တာတွေ လုပ်ဆောင်နေတယ်လို့ အထက်ပါ အရပ်သားပြည်သူက ဆက်လက်ပြောပါတယ်။
“ပထမ နေရာမှာ စစ်တယ်။ ပြီးရင် နောက်ထပ် တစ်နေရာမှာ ပြန်စစ်တယ်။ တတိယနေရာမှာတော့ အစစ်မခံရဘူး။ တားပြီး လမ်းဘေးမှာ ထိုင်ခိုင်းထားပြီးတော့ ဆိုင်ကယ်(Tool Box)စစ်တယ်။ ပြီးရင် လူကို ပြန်စစ်တယ်။ ဘယ်သွားတယ်။ ဘယ်က ပြန်လာတယ်။ ဘာသွားလုပ်တယ် မေးတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေရာဘက်မှာပဲ နေ့လယ် ၁၂ နာရီလောက်က သေနတ်ပစ်ဖောက်သံ လေးချက်ကြားရပြီး ဘယ်လိုအကြောင်းရင်းကြောင့် ပစ်ဖောက်တယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။
အဲဒီလမ်းဘက်မှာ စစ်သားအင်အား ၃၀ လောက် နေရာယူထားပြီး တောဘက်မှာလည်း နေရာယူထားတာတွေ ရှိနိုင်တယ်လို့လည်း သိရပါတယ်။
အခုလို လမ်းသွားလမ်းလာပြည်သူတွေကို ရုတ်တရက်စစ်ဆေးလာတာဟာ ဘယ်လိုအကြောင်းအရင်းကြောင့် ဆိုတာကိုတော့ မသိရှိရဘူးလို့ ဆိုပါ
လတ်တလောမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေကနေ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







