မြစ်ကြီးနား-ဖားကန့်လမ်း တံတားညီနောင်ကျေးရွာအထိ စစ်ကောင်စီ စစ်ကြောင်းရောက်ရှိ၊ KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွာနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

18
မေ၊၂၁
မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ တံတားညီနောင်ကျေးရွာအထိ ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“တံတားညီနောင်မှာ တိုက်ပွဲဖြစ်တာ မနေ့ကလည်း တစ်နေ့ကလည်း ဖြစ်တယ်။ အဲဒီကနေတော့ ဆက်ပြီးမှ ကျော်သွားတာတော့ မကြားသိရပါဘူး ။စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ပျားအုံကျေးရွာ(တံတားညီနောင်ကျေးရွာအနီး) တစ်ဝိုက်အထိ ရောက်ရှိနေပြီး အဲဒီနေရာကနေ မရွေ့သေးဘူးလို့ KIA နဲ့ နီးစပ်တဲ့အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်
“တောင်ကုန်း၊ပျားအုံးအနီးတစ်ဝိုက်မှာပဲရှိနေသေးတယ်။ မရွေ့သေးဘူး၊ ဒရုန်းတွေတော့ လွှတ်နေတယ်တဲ့။ သူတို့ရှေ့ကို (စစ်ကြောင်းဆက်ထိုးမယ့်နေရာ) လိုက်ကြည့်နေမှာပေါ့။” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ညက ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ လုံးခင်းကျေးရွာအုပ်စု (၅)မိုင်(၆)မိုင်ကျေးရွာဘက် လက်နက်ကြီး သုံးကြိမ် ပစ်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက မြစ်ကြီးနား-ဖားကန်လမ်းအတိုင်း စစ်ကောင်စီပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးနေတာဖြစ်ပြီး KIA/KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာကို ကျော်လွန်ပြီးတော့ ကပ်မှော်ဇွပ်ကျေးရွာမှာ တပ်စွဲနေခဲ့တာပါ။
အဲဒီနောက် တစ်ဖြည်းဖြည်း စစ်ကြောင်းထပ်ထိုးလာပြီး တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အထက်ပါတိုက်ပွဲ အခြေအနေတွေကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းတစ်လျှောက် မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော် ၊ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ကျောက်ဖျာ၊နန့်တိန်း၊ပျားအုံ စတဲ့ ကျေးရွာဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here