မေ၊ ၂၁
လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမယ့်ပါတီကို အာဏာလွှဲပေးနိုင်ရေး ကြိုပြင်ဆင်ထားဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောလိုက်ပါတယ်။
မနေ့က မေလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ စိုးဝင်းက အဲဒီလိုပြောခဲ့တဲ့အကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားတာပါ။
“မိမိတို့ အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီအား လွှဲပြောင်းချိန်အထိ ပြည်သူများအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့လက်အောက် ဝန်ထမ်းများအား စနစ်တကျဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း” လို့လည်း စိုးဝင်းက ပြောခဲ့တဲ့အကြောင်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကိုတော့ ဒီနှစ်လကုန်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ရွေးကောက်ပွဲအောင်မြင်အောင် ကြိုပြင်ထားကြဖို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အနိုင်ရပါတီကို သူတို့အနေနဲ့ အာဏာလွှဲပေးသွားမယ်လို့လည်း မနေ့က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်မယ့်ပါတီ ၇၇ ပါတီ ရှိနေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ငလျင်ကြောင့် ယာယီ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေရဲ့ စာရင်းအချက်အလက်တွေကို သေချာကောက်ယူဖို့လည်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတော့ စစ်တပ်နဲ့နီးကပ်တဲ့ ရုရှား၊ တရုတ်လို နိုင်ငံတွေက ကူညီမယ်လို့ ပြောထားပေမဲ့ ဒီမိုကရေစီအရေးကူညီပေးနေတဲ့နိုင်ငံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ကန့်ကွက်ထားပါတယ်။