မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဖျက်သိမ်းကြောင်း NUG ကြေညာ

7
ဓါတ်ပုံ- ဖားကန့်ကျောက်စိမ်းတွင်း တစ်နေရာ

စက်တင်ဘာ၊၁၇

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့စည်းတစ်ခုဟာ အများပြည်သူအကျိုးကို ဦးစားပေးရမှာ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုနဲ့ အခွန် ဒါမှမဟုတ် အကျိုးအမြတ်စတာတွေကို တစ်နည်းတစ်လမ်းနဲ့ အကျိုးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ အမိန့်တွေ ကြေညာချက်တွေနဲ့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ လိုက်နာခဲ့ခြင်း မရှိတာကြောင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) အပါအဝင် လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းလိုက်ကြောင်းလည်း NUG က ဆိုပါတယ်။

အမိန့်ထုတ်ပြန်တဲ့ နေ့ကစပြီးတော့ အသင်းနဲ့ အသင်းခွဲတွေရဲ့ ပိုင်ဆိုင်မှု နဲ့ ဘဏ္ဍာငွေအားလုံးကို ထုတ်နုတ်သုံးစွဲခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်တဦးချင်းပိုင်ဆိုင်မှုနဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက် မပတ်သက်တဲ့၊ အကျိုးစီးပွားအားဖြင့် ဆက်နွယ်မှုမရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အဖွဲ့အစည်းထဲ ဆက်လက်ပါဝင်လုပ်ကိုင်တာ၊ ပူး‌ပေါင်းလုပ်ကိုင်နေတာ၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ဆက်လက်သုံးစွဲနေတာ၊အဖွဲ့အစည်းရဲ့ အမည်နဲ့ ဆက်လက်ဆောင်ရွက်တာတွေ ပြုလုပ်နေတဲ့ လုပ်ငန်းရှင်၊ ဝန်ထမ်းတွေကို စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီမှုနဲ့ အ‌ရေးယူသွားမှာဖြစ်တယ်လို့ NUG က အသိပေးထုတ်ပြန်ထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here