အင်းတော်မြို့၊ ခရမ်းစပ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရ၊ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦးသေဆုံး

5

စက်တင်ဘာ၊ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာကို မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီမှာ Jet Fighter တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF) စခန်းရှိတဲ့ရွာလည်း မဟုတ်သလို လက်ရှိတိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးနဲ့ ပစ်တာတွေကို ပြုလုပ်သွားတာလို့ Indaw Revolution – IR ရဲ့ တာဝန်ရှိသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“အဲဒီမှာက တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ PDF တပ်တွေရဲ့ စခန်းနဲ့ နီးတာမျိုးလည်း မဟုတ်ဘူးဗျာ။ ရုပ်တရက်ကြီး လေယာဉ်နဲ့ ရောက်ချလာပြီး ကြဲချသွားတာပေါ့။ အဲဒီလိုဆိုတော့ ဘယ်သူ့မှလည်း သတင်းလည်းမရလိုက်ဘူး။ ရှောင်ချိန်၊ တိမ်းချိန်လည်း မရလိုက်ဘူးဗျာ။”လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရ

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာအတွင်း ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ပြီး သက်တော် ၇၇ ၊ ဝါတော် ၅၇ ရှိ ကျောင်းထိုင်ဘုန်းကြီး အရှင်ရာဇိန္ဒ ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦးလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဉ်နဲ့ ဗုံး ၂ ကြိမ်ကြဲပြီးနောက် အင်းတော်မြို့စစ်ကောင်စီတပ်စခန်းကုန်းကနေ လက်နက်ကြီးနဲ့ ၅ ကြိမ် ရွာထဲကို ထပ်မံပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတစ်ဦးရဲ့ နေအိမ်တစ်လုံးနဲ့ ဆိုင်ကယ် ထိခိုက်ပျက်ဆီးခဲ့တယ်လို့လည်း အထက်ပါ Indaw Revolution – IR က တာဝန်ရှိသူ ကဆိုပါတယ်။

ခရမ်းစပ်ကုန်းရွာထဲမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလလောက်က ထီးချိုင့်မြို့နယ်ဘက်က တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ‌တပ်ဖွဲ့တွေ တိုက်ပွဲတစ်ခေါက်ဖြစ်ပွားပြီးနောက် တိုက်ပွဲပြန်လည် မဖြစ်ပွားတော့ဘူးလို့လည်း ဆိုပါတယ်။

အင်းတော်မြို့နယ်ရဲ့ တချို့နေရာတွေမှာတော့ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေနဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးတာတွေတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here