ဝိုင်းမော်-လိုင်ဇာလမ်း၊ ဆမားလမ်းခွဲတစ်လျှောက်နှင့် မလိယန်ကျေးရွာဘက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

5
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

 

စက်တင်ဘာ၊ ၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ ဆမားလမ်းခွဲဘက်တစ်လျှောက်နဲ့ မလိယန်ကျေးရွာဘက်မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

ရက်သတ္တပတ်လောက်အကြာ တိုက်ပွဲရပ်နားပြီးနောက် ပြန်လည်ဖြစ်ပွားလာတာလို့ အနီးဝန်းကျင်မှာရှိတဲ့ ကဇူးယန်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီနေ့ကတော့ ကျမတို့နားကလည်း အသံတွေမြည်နေတယ်။ ဒီကနေ အရမ်းကြားရတယ်။ “ဒုန်း” ဆိုပြီး ပစ်နေကြတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ အဲဒါက ဆမားလမ်းခွဲအကျော်ဘက် ထင်တယ်။ အရမ်းတော့ မနီးဘူး။ သေနတ်သံတွေ ဒီအထိကြားနေရတယ်။” လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီး ပစ်ကူတာမျိုးတွေလည်း ပြုလုပ်နေကြတယ်လို့လည်း ဆိုပါတယ်။

ကဇူးယန် စစ်ကောင်စီတပ်စခန်းကိုလည်း ပြုပြင်တာတွေ၊ အဆောင်ချဲ့တာတွေနဲ့ စခန်းဧရိယာပတ်လည်ကို မြောင်းတူတာတွေ၊ ခြံကာတာတွေကိုလည်း ပိုပြီး တိုးမြှင့်လုပ်ဆောင်နေကြကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ဒီမကနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်ဇာကြားက လိုင်လွန်းအောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA ‌က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အဲဒီနောက် စစ်ကောင်စီတပ်ကနေ နမ်ဆန်ယန်ကျေးရွာတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းကို စစ်ကောင်စီကနေ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စတင်စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ လမ်းတစ်လျှောက် KIA နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ နန်ဆန်ကျေးရွာကို မရောက်ရှိသေးဘဲ လမ်းခုလတ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here