အောက်တိုဘာ၊၁၀
အရပ်သားစစ်ရှောင်တွေနေတဲ့နေရာကို ညသန်းခေါင်ယံမှာ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရေးနဲ့ပတ်သက်တယ်လို့ ပြောလို့မရဘဲ အရပ်သားအပေါ်မှာ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြစ်ကြီးနားသတင်းဂျာနယ် ကိုပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) လိုင်ဇာဗဟိုဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်းမှာ မနေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အယောက် ၃၀ ထက် မနည်း သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့တာပါ။
” အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ အခုလိုမျိုးအရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေက ပိုဆိုးဝါးလားတယ်။ ဒီကိစ္စဆိုရင် အနန့်ပါမှာဖြစ်ခဲ့တာရဲ့ လူသေဆုံးမှုထက် ဒုတိယအများဆုံး ဖြစ်တယ်လို့ ပြောလို့ရတယ် ” လို ဦးအောင်မျိုးမင်းက ပြောပါတယ်။
သေဆုံးသွားသူတွေထဲ ၃ လအရွယ် ကလေးငယ်တစ်ဦးနဲ့ ၁၅ နှစ်အောက်အရွယ် ကလေး ၅ ဦး ပါဝင်ပြီး မြေပြင် ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမျိုးသမီးကလေးသူငယ်တွေ သေဆုံးမှုဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှု ကျုးလွန်တာဖြစ်သလို လက်နက်ကြီး၊ လေယာဉ်တွေ နဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်နေသေးတာဟာ လေယာဉ်နဲ့ စစ်ရေးဆိုင်ရာလက်နက်တွေကို မပိတ်ဆို့နိုင်သေးတာဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီကို ကူညီနေတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ကူညီမှုဟာ အခုဆို အရပ်သားကလေးသူငယ် အမျိုးသမီးတွေသေဆုံးဖို့ ပံ့ပိုးပေးနေတယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ဖို့ အချိန်ရောက်နေပြီဖြစ်တယ်လို့ ဦးအောင်မျိုးမင်း ကပြောပါတယ်။
မုန်လိုင်ခက် စစ်ရှောင်စခန်းဟာ အိမ်ခြေ (၆၀) ကျော်လောက် ရှိပြီး လိုင်ဇာမြို့နဲ့ ၂ မိုင်ကျော်လောက်မှာ တည်ရှိတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲလောက်ကလည်း ဖားကန့်မြို့နယ်၊ အနန့်ပါဒေသကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIA စစ်သား၊ အနုပညာရှင်များ အပါအဝင် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။







