ဇန်နဝါရီ၊၂
စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တရုတ်နိုင်ငံထုတ် ဘက်ထရီဆိုင်ကယ် အသုံးပြုစီးနင်းသူများလာပြီး အသစ်တစ်စီးကို ကျပ် သိန်း ၆၀ ဝန်းကျင်အထိ ဈေးပေါက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဓာတ်ဆီဈေးက တက်လိုက်ကျလိုက်နဲ့ ဒီထက်ကျဖို့လည်း မရှိတော့ဘူး။ ဘက်ထရီဆိုင်ကယ် ဆိုင်ကယ်ပိုပြီးစီးလာကြပြီလေ။ အဲဒီလိုဆိုတော့ အရမ်းဈေးကြီးတယ်။ ကားဈေးနီးပါးဖြစ်လာပြီ။”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာကို ငွေကျပ်တစ်သောင်းကျော်အထိ ပေးဝယ်နေရသေးတာကြောင့် ဘက်ထရီဆိုင်ကယ် အသုံးပြုသူတွေ ပိုများလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘက်ထရီဆိုင်ကယ်ပြင်ဆိုင်တွေမှာ တာယာလဲဈေး အရင်က ကျပ်၂၀,၀၀၀ ခန့် ရှိခဲ့ရာကနေ လက်ရှိအချိန် ကျပ် ၇၀,၀၀၀ ခန့် ရှိနေပြီး ဆိုင်ကယ်ဘထ္ထရီလဲရာမှာလည်း ၆ လုံးထိုးတစ်စီးကို ကျပ်သိန်း ၂၀ ကျော်အထိ ကုန်ကျတယ်လို့လည်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို ဘက်ထရီဆိုင်ကယ်တွေ ဈေးအဆမတန် မြင့်တက်နေတာဟာ လမ်းပန်ဆက်သွယ်ရေး အခြေအနေအပြင် ဝယ်လိုအားများနေတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။
“ဘာလို့ဈေးကြီးတာလဲဆိုတော့ လမ်းပန်ဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ပစ္စည်းရောက်ဖို့ခက်တာလည်း ပါတယ်ပေါ့။ ပြီးတော့လည်း ဝယ်လိုအားအရမ်းများတော့ ရောင်းတဲ့သူတွေကလည်း သူတို့ စိတ်ကြိုက်ဈေးနဲ့ ရောင်းစားလို့ရနေတာပေါ့။ ဆိုင်ကယ်လမ်းပေါ်မှာ ငါးစီးလောက်တွေ့ရတယ်ဆိုရင် သုံးစီးလောက်က ဘက်ထရီဘီးဖြစ်နေတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကို တရုတ်ဘက်က ပိတ်ထားခဲ့တဲ့နောက် တရုတ်ဘက်က ကုန်ပစ္စည်းတွေ မဝင်ရောက်တော့ဘဲ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် အောက်တိုဘာလ တတိယအပတ်က ကန်ပိုက်တီမြို့အနီးက နယ်ခြားစောင့်တပ် ကာကင်းစခန်းတွေကို တိုက်ခိုက်နေတဲ့အချိန် အောက်တိုဘာလ ၁၈ ရက်နေ့က ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်ကနေ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်ဘက်က ပိတ်ထားတဲ့ အထက်ပါ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပေမဲ့ တရုတ်ဘက်က ကုန်ကားတွေနဲ့ စက်သုံးဆီကားတွေကတော့ မြန်မာပြည်ဘက် ဝင်ရောက်တာတော့ မရှိသေးပါဘူး။