ဝိုင်းမော်မြို့၊အောင်မြေ (၁)ကျေးရွာမှာ ပြည်သူ့စစ်များက စစ်ဆေးရေးတင်ကြပ်နေ

289
မြစ်ကြီးနားသတင်းဂျာနယ်

ဇွန်၊၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊အောင်မြေ(၁) ကျေးရွာ အလယ် ချောင်းအနား(Nlung hka Pawt)က ပြည်သူ့စစ်တွေရဲ့ဂိတ်မှာ မနေ့က ဇွန်လ(၂၆)ရက်နေ့ကနေစပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးရေး တင်းကြပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီဂိတ်မှာ ပြည်သူ့စစ် စစ်သားတွေက စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီး ကား၊ ဆိုင်ကယ်တွေကို ရပ်ခိုင်းတဲ့အပြင် ခရီးသွားပြည်သူ ကလေး၊ လူကြီးပါ မကျန် တန်းစီပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ခရီးသည် အကုန်လုံးကို ဆင်းခိုင်းတယ်။ ကလေး၊ လူကြီး အကုန်လုံးကို ဆင်းခိုင်းတယ်။ ကားတွေ၊ ပစ္စည်းတွေ ဖုန်းတွေ အကုန်စစ်တယ်။ အကုန်လုံးကို တန်းစီပြီး စစ်နေတာ။
အရင်ကထက် ပိုစစ်သွားတာပေါ့။ အရမ်းဆိုးပြီးကို စစ်နေတာ။ ယောက်ျားလေးတွေ ပိုစိုးရိမ်ရတယ်။ ကားအပြင်၊ အထဲ အကုန် စစ်တာ”လို့ သူက ပြောပါတယ်။

အောင်မြေ(၂)ကျေးရွာမှာ ဇွန်လ(၂၂)ရက်နေ့က မူးယစ်ဆေးဝါး ရောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ KIAစစ်သားတွေကို ပြည်သူ့စစ် စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် KIAတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

အထက်ပါ ဖြစ်စဉ် ဖြစ်ခဲ့ပြီး (၅)ရက်လောက်အကြာမှာ ပြည်သူ့စစ်ဂိတ်ကနေ စစ်ဆေးရေးတင်းကြပ်လာတာ အရင်ကထက်ပိုပြီး စိုးရိမ်ထိတ်လန့်စိတ်ကြောင့် ဖြစ်နိုင်တယ်လို့ အထက်ပါ ခရီးသွားပြည်သူ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ အဲဒီဂိတ်မှာ စစ်သားတွေနဲ့ ပြည်သူ့စစ် စစ်သားတွေ စုစုပေါင်း (၃၀)ဝန်းကျင်လောက် ရှိနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here