ဇွန် ၂၈
မြစ်ကြီးနား – ရန်ကုန်ပြေးဆွဲနေတဲ့ အဝေးပြေးမော်တော်ယာဉ်လိုင်းတွေမှာ ဇွန်လ(၃၀)ရက်နေ့ကနေ ယဉ်စီးခနှုန်းထားပြောင်းလဲမှုတွေ ရှိသွားမယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် အဝေးပြေးမော်တော်ယာဉ်လိုင်းတွေ ယာဉ်စီးခတိုးမြင့်ကောက်ခံဖို့ ညှိနှိုုင်းလိုက်ကြတာဖြစ်ပြီးတော့ ကော်မတီအနေနဲ့လည်း တရားဝင်စာတင်ခိုင်းထားတယ်လို့ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်း ၊ ယာဉ်များကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးအေးဇော်ဇော်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“သူတို့ယာဉ်စီးခတွေ ရန်ကုန်မှာပဲညှိလိုက်တာ။ညှိလိုက်တော့ အခုလာမယ့် ၃၀ ရက်နေ့ကို လေးသောင်းခွဲပြောင်းမလို့တဲ့။ ရုံးကတော့ တရားဝင်စာတင်ခိုင်းထားတယ်။တင်ပြီးမှ ပြန်ချပေးတာမျိုးတော့ မဟုတ်တော့ဘူး။ သူတို့တရားဝင်စာတင်ထားပြီဆိုတော့ သူတို့အနေနဲ့ဘောင်ဝင်တာပေါ့။ရန်ကုန်ကားလိုင်းတွေပေါ့။ မန္တလေးလိုင်းတော့ မပါသေးဘူး။ သူတို့လည်းပြောတော့ပြောထားတယ်။ “လို့ အေးဇော်ဇော်က ဆိုပါတယ်။
ခရီးသည်လျော့နည်းလာတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေ လျော့ကျသွားတာ မရှိတာကြောင့် မော်တော်ယာဉ်လိုင်းတွေက ယာဉ်စီးခတိုးမြင့်ကောက်ခံဖို့ ပြောဆိုလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှာ တိုင်းနဲ့ပြည်နယ်အသီးသီးကို လက်ရှိပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။