ဆောင်းပါး`
စက်တင်ဘာ၊၁၃
မီးရောင်စုံ ပြိုးပြိုးပျက်ပျက် ဖြစ်နေသည့် အခန်းတစ်ခန်းအတွင်းသို့ ကိုသူရကျော်တစ်ယောက် ဝင်ရောက်ခဲ့သည်။
သီချင်းသံတွေ ဆူညံနေပြီး KTV အခန်းပုံစံအခန်းတစ်ခု ဖြစ်သော်လည်း ကိုသူရကျော်နှင့် သူ့သူငယ်ချင်းတို့အုပ်စုက သီချင်းဆိုရန် လာရောက်ခြင်းတော့မဟုတ်။
” မြင်ကွင်းကတော့ သာမာန် KTV ပဲ။ အပြင်ပိုင်းကြည့်ရင်တော့ သွားရတာတော့လွယ်တယ်။” ဟု ကိုသူရကျော်က ပြောသည်။
အသက် ၂၃ နှစ်အရွယ် ကိုသူရကျော်တို့ သွားရောက်သည့်နေရာသည် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် လူကြီးလူငယ်များအကြား ခေတ်စားနေသည့် ဟိုင်းခန်း(လူအများအခေါ်) ဆိုသည့် နေရာဖြစ်သည်။
ဟိုင်းခန်းမှာ KTV အခန်းပုံစံများဖြစ်ပြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ပေးထားကာ လူငယ်များအကြား ဟိုင်းခန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားနေသည်။
အခန်းတွင်းရောက်သည်နှင့်တပြိုင်နက် မြူးကြွသည့် သီချင်းများကို ဖွင့်ထားပြီး လေးထောင့်ပုံစံ စားပွဲခုံပေါ်တွင် ဆေးသုံးရန် ကိုသူရကျော်တို့ စတင်ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
“သာမာန်ကြည့်ရင် KTV အတိုင်းပဲ။ အခန်းထဲရောက်မှ ဆေးတွေသုံးကြတာ။”လို့ ကိုသူရကျော်က ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ နာမည်ကြီး ကလပ်၊ ဘား များနှင့် KTV များ EDM ပွဲများတွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာသုံးစွဲခွင့် ရရှိနေပြီး ဟိုင်းခန်းများမှာလည်း နေ့စဉ်လိုလို ရှိနေကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။
လက်ရှိ ရန်ကုန်တွင် ဟိုင်းခန်းများအတွက် စျေးနှုန်းအမျိုးမျိုးရှိပြီး တစ်နာရီ ကျပ်ခြောက်သောင်းကနေ သိန်းရာဂဏန်းထိ(မနက်အထိ)အောင် ပေးရသည့် အခန်းများပင်ရှိကြောင်း သိရသည်။
ဟိုင်းခန်းများတွင် စျေးအမျိုးစားစုံစုံလင်လင်ရရှိပြီး လက်ရှိခေတ်စားနေသည့် K ၊E ၊ Happy water ၊ ရွှေ၊ဂျယ်လီ ၊E စတဲ့ စိတ်ကြွဆေးကို တစ်လုံး လေးသောင်းနှင့် K တစ်ထုပ်လျှင် ကျပ်ခြောက်သောင်း ဈေးပေါက်သည်ဟုဆိုသည်။
“ဆေးတွေကတော့ စုံနေတာပဲ။တချို့နေရာကတော့ သူတို့တောင်းသလောက် ပေးရင်ရတယ်” ဟု ကိုသူရကျော်က သူကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြောပြသည်။
လက်ရှိ ဟိုင်းခန်းအပြင် ရန်ကုန်တိုင်းတွင် Party Drug အဖြစ် လူသိများသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမိုကျယ်ပြန့်လာကြောင်း ရန်ကုန်တိုင်းရှိ လူငယ်များက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းရှိ နာမည်ကြီး Club နှင့် Bar များတွင် Party Drug ကို လွယ်ကူစွာရရှိနေသလို သုံးစွဲသည့်လူငယ်များ ပိုမိုများပြားလာကာ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် လူငယ်များပါ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ဒုတိယနှစ် CDM ကျောင်းသား ကိုဇေယျာက ပြောသည်။
” စိတ်ကြွဆေးပုံစံ အဲ့ဒါတွေသောက်ပြီးကကြတာ။ ပွဲထဲဝင်တဲ့အချိန်တော့ လုံခြုံရေးက စစ်တာရှိပေ့မဲ့ ဆေးတွေကတော့အထဲမှာ သုံးလို့ရတယ် ပြီးရင်ကကြတာပေါ့” ဟု ကိုဇေယျာက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်ခြင်း အလုပ်အကိုင်ရှားပါးခြင်းနှင့် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်လာပြီးနောက် လူငယ်အများစုမှာ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို လုပ်ဆောင်လာကြသည်။
မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်လုပ်ငန်းများအား ဖမ်းဆီးအရေးယူမှုများ နည်းပါးနေခြင်းသည် လက်ရှိတော်လှန်ရေး အခြေအနေလောက် စစ်ကောင်စီအတွက် ဖိအားမများခြင်းကြောင့် လွှတ်ပေးထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းတွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် OCTOPUS ရေဘဝဲ(ပြည်သူအကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌက ပြောသည်။
” မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ ဒုစရိုက်မှူနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ဝါးချင်ရိုက်ထားတဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့စီးပွားရေး ဒေါက်တိုင်ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ လွှတ်ထားရခြင်းဖြစ်တယ် “ ဟု အထက်ပါ OCTOPUS ဥက္ကဌက ထောက်ပြပြောဆိုသည်။
ယခင်က ရန်ကုန်ရှိ Club၊ Bar နှင့် EDM DJ ပွဲများတွင် WY စသည့် မူးယစ်ဆေးဝါးများ ရရှိရန်ခက်ခဲသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် လွယ်ကူစွာ ရရှိသုံးစွဲနိုင်နေသလို အသက်မပြည့်သေးသည့် ၁၄ နှစ် ၁၅ နှစ်အရွယ် လူငယ်များပါ သုံးစွဲနေကြောင်း ကိုယ်တိုင်သွားရောက်ခဲ့ဖူးသည့် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀အရွယ် ကိုနိုင်နိုင်(အမည်လွှဲ) က ပြောသည်။
Party Drug များကို သုံးစွဲခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ရေဓာတ်ခမ်းခြောက်ခြင်း ၊ အမြင်အာရုံဝေဝါးခြင်း ၊ဝေဖန်စဥ်းစား ချင့်ချိန်နိုင်စွမ်းလျော့နည်းခြင်း ၊ လက်တွေ့လောကနှင့် ကင်းကွာလာခြင်း ၊ ထင်ယောင်ထင်မှား ဖြစ်လာခြင်း ၊ နှလုံးနှင့် ကျောက်ကပ် ပျက်စီးခြင်း ၊ ကြွက်သားတုန့်ပြန့်မှု လွန်ကဲခြင်း ၊ ခန္ဓာကိုယ်တွင်း အပူချိန်လွန်ကဲခြင်း ၊ ဦးနှောက် သွေးယိုစီးခြင်း ၊ သတိလစ်ခြင်း၊ ???? ၀င်ခြင်းအပြင် အသက်သေဆုံးသည်အထိ ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေကိုပါ ကျူးလွန်စေနိုင်ကြောင်း Top Centre Myanmar ကလည်း သြဂုတ် ၁၆ ရက်နေ့က အသိပေးထုတ်ပြန်ထားသေးသည်။
ဘေးထွက်ဆိုးကျိုးများရှိနေသော်လည်း လွယ်ကူစွာသုံးခွင့်ရနေသည့် မူးယစ်ဆေးဝါးကို လူငယ်များက စိတ်ထွက်ပေါက်တစ်ခုအဖြစ် သုံးစွဲမှုများလာခြင်းလည်း ဖြစ်သည်။
အထွေထွေ အကျပ်အတည်းများနှင့် စိတ်မွန်းကျပ်မှုများကြောင့် လူငယ်များမှာ စိတ်ထွက်ပေါက်အဖြစ် ပျော်စရာများရှာဖွေနေချိန် ရန်ကုန်တွင် လက်လှမ်းမီ အလွယ်တကူ သုံးနိုင်နေနိုင်သည့် မူးယစ်ဆေးဝါး အောက်ကို ကျဆင်းလာရခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးအရ ရန်ကုန်တိုင်းကို ထိန်းချုပ်နိုင်ရန် မူးယစ်ဆေးဝါး နှင့် လောင်းကစားများကို ရည်ရွယ်ချက်ချက်ရှိရှိ စစ်ကောင်စီမှ ထိန်းချုပ်ခြင်းမလုပ်ဆောင်သည့်အချက်ကလည်း လူငယ်များအတွက် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်စေရန် လွယ်ကူနေသည့်အချက်လည်း ဖြစ်နေသည်။
“လာဖမ်းရင်တော့ လိုက်သွားပေါ့။ တချို့ အကောင်(အာဏာရှိသည့် လူကြီး) ထဲက သားသမီးတွေ ဆိုရင်တော့ လွယ်တာပေါ့။ တချို့ကြတော့လည်း ဒဏ်ရိုက်ပြီးပြန်လွှတ်တယ် “ဟုကိုသူရကျော်က ပြောပြသည်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
ဓါတ်ပုံ- ရန်ကုန်မြို့တွင်းက ဟိုင်းခန်းတစ်နေရာ