မြစ်ဆုံစစ်စီမံကိန်းအလိုမရှိ‌ကြောင်း ဧရာဝတီမြစ်ကမ်းဘေး တစ်နေရာမှာ ဆန္ဒထုတ်ဖော်

3

 

စက်တင်ဘာ၊၂၈

“ကမ္ဘာ့မြစ်ချောင်းများနေ့(World Rivers Day)” အထိမ်းအမှတ်နေ့အဖြစ် မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံပြည်သူအချို့ ပါဝင်ပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအလိုမရှိ‌ကြောင်း ဧရာဝတီမြစ်ကမ်းဘေး တစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်က ဒေသခံပြည်သူအချို့ စုပေါင်းပြီး မြစ်ချောင်း၊ အင်း၊ အိုင်တွေနဲ့ ပတ်သက်တဲ့ အသိပညာဆိုင်ရာ ဝေမျှရေးအစီအစဉ် ပြုလုပ်တဲ့အပြင် ဆုတောင်းတာနဲ့ မြစ်ဆုံစီမံကိန်း အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ပါဝင်လှုပ်ရှားတဲ့အထဲ ပါဝင်တဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မြစ်ဆုံရေကာတာ လုပ်တာတော့ မလိုလားဘူး။ ဒါပေမဲ့ ပြောလို့လည်း မရဲဘူးပေါ့။ ဖမ်းမယ်ဆိုပြီး အမိန့်တွေရှိတော့ သူတို့ဟောပြောပွဲတွေမှာလည်း ထပြောဖို့လည်း မရဲဘူးပေါ့။ မပြောရင်လည်း အကုန်လုံးက မလိုလားကြောင်း ပြည်သူ့အသံကတော့ အဲဒီလိုဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

အဲဒီလှုပ်ရှားမှုအတွင်း “မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိ၊ NO DAM ၊ ဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းပါစေ၊ ဧရာဝတီမြစ်သည် ဒို့ပြည်သူများ၏ အသက်သွေးကြောဖြစ်သည်၊ မြစ်ချောင်း အင်းအိုင်များ လွတ်လပ်စွာ ရှင်သန်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြ၊ ပြည်သူ့အသံကို နားထောင်ပါ။”ဖို့ စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ပြသတဲ့သဘောကို ရရာနည်းနဲ့ ဖော်ထုတ်တာဖြစ်ကြောင်းလည်း ဆိုပါတယ်။

အဲဒီလှုပ်ရှားမှုအတွင်း မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်က ဒေသခံ အယောက် ၁၂၀ ဝန်းကျင်ပါခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကစပြီး မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ စစ်အုပ်စုက ပြုလုပ်နေတာဖြစ်ပြီးတော့ ဒေသခံကော်မတီအဖွဲ့တွေဖွဲ့ပြီးတော့ စီမံကိန်းအကြောင်း လိုက်လံဟောပြောတာတွေ ပြုလုပ်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here