မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်တွင် ကာစီနိုနှင့် ငါးမန်းဂိမ်းများပါဝင်သည့် လောင်းကစားရုံ ပေါ်ပေါ်တင်တင်ဖွင့်လှစ်၊ ခိုးဆိုးလုယက်ဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

345

 

မေ၊၁၇

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာ ကာစီနိုနဲ့ ငါးမန်းဂိမ်းတွေပါဝင်တဲ့ လောင်းကစားရုံ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာပြီး လူအဝင်အထွက် များနေတာကြောင့် ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

အရင်က ပင်းဘောဘက်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံကို မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်က မူလတန်းကျောင်းရှေ့ဘက်ကို ပြောင်းလဲဖွင့်လှစ်လာတာဖြစ်ပြီး ၂ ပတ်ကျော်လောက်ရှိလာပြီဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တံခါးဖွင့်ပြီး ပေါ်တင်ကိုလုပ်တာ။ တစ်နေ့နဲ့တစ်နေ့ လူတွေက အဝင်အထွက် လေးငါးဆယ်လောက်ရှိတယ်။ တစ်ချို့လူတွေ သွားရိုက်ကြတယ်။ တစ်ချို့လူတွေ ပိုက်ဆံမရှိတော့ရင် ရှုံးလာတာများရင် ခိုးမှုတွေ၊ လုယက်မှုတွေ ဖြစ်လာမှာစိုးရိမ်တာပေါ့။”လို့ ဒေသခံက ဆိုပါတယ်။

နေ့စဉ်နဲ့အမျှ အဲဒီလောင်းကစားရုံမှာ လူအဝင်အထွက် များပြားနေပြီးတော့ အဲဒီလိုဖွင့်လှစ်ထားနိုင်ဖို့ လောင်းကစားရုံက ရဲကို သိန်းငါးဆယ်ပေးထားတယ်လို့ ကြားသိရကြောင်း ဒေသခံက ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါသေးပါဘူး။

အဲဒီနောက်ဆက်တွဲအနေနဲ့ ရပ်ကွက်ထဲမှာ ပစ္စည်းပျောက်တာ လုယက်တာတွေ ဖြစ်ပွားလာမှာ စိုးရိမ်နေကြတဲ့အပြင် ဖွင့်လှစ်ထားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ နီးတဲ့အတွက် ကျောင်းဖွင့်ကာလရောက်ခဲ့ရင် ကလေးတွေအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေ များလာတဲ့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း အရင်ကထက် များပြားလာပြီး လူငယ်ပျက်စီးတာတွေ များလာတယ်လို့ နောက်ထပ် မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

” အဓိက လူငယ်တွေပျက်စီးတာ အရမ်းများလာတယ်။ ငါးမန်းခုံလောင်းကစားက ဖိုးချစ်ကုန်းရပ်ကွက်နဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ လိုင်းကြေးပေးပြီးဖွင့်ထားကြတယ်။” လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မိုးကောင်းမြို့မှာ လောင်းကစားရုံတွေ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြတာဖြစ်ပြီး လက်ရှိမြို့ထဲမှာ လောင်းကစားရုံ ၃ ရုံလောက်ရှိတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here