စစ်တပ်ဧရိယာအတွင်း ကျရောက်နေသည်ဟုဆိုကာ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် ၁ ရှိ အိမ်ထောင်စု ၃၀ ကျော်ကို ပြောင်းရွေ့ခိုင်းထား

97

မေ၊ ၁၇

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် ၁ မှာရှိတဲ့ အိမ်ထောင်စု ၃၀ ကျော်ကို စစ်ကောင်စီရဲ့ ၃၂၁ တပ်ရင်း ဧရိယာအတွင်းမှာ ကျရောက်နေတယ်လို့ဆိုပြီး ဧပြီလကနေ ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပါတယ်။

စစ်တပ်က တာဝန်ရှိသူတွေဟာ ဧပြီလအတွင်းက ဒေသခံရွာသားတွေဆီကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သွားရောက်ပြီး ရွှေ့ပြောင်းခိုင်လိုက်တာ ဖြစ်ပြီးတော့ ရွာသားတွေနေဖို့ နေရာညွှန်ပေးတာမျိုးရှိပေမဲ့ အိမ်တွေကို ပြန်ဆောက်ပေးတာမျိုးတော့ မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ သူတိုရဲ့ စစ်တပ်မြေဧရိယာဟုတ်တယ်ဆိုပြီး အဲဒီဘက်က လူတွေကိုတော့ မြေတွေ၊ အိမ်တွေသိမ်းပြီး ရွှေ့ပြောင်းခိုင်းထားတယ်။ ဘယ်ကိုဆိုပြီး နေရာကပြပေးပေမဲ့ အိမ်တွေကိုတော့ ဆောက်ပေးတာမျိုးမရှိဘူး။ ” လို့ ဒေသခံက ဆိုပါတယ်။

ရွှေ့ပြောင်းရတဲ့သူတွေဟာ အရင်က တပ်မိသားစုဝင်တွေဖြစ်ကြပြီး အခုအချိန်မှာတော့ တပ်ကထွက်လိုက်တဲ့အတွက် နေစရာနေရာမရှိဘဲ အခက်အခဲတွေနဲ့ ကြုံနေရတဲ့သူတွေ ဖြစ်တယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးဆီက သိရပါတယ်။

သူတို့တွေနေထိုင်ဖို့ ရွှေညောင်ပင်ကျေးရွာ ရပ်ကွက် ၅ က စစ်ရှောင်စခန်းရှိရာဘက်ကို နေရာညွှန်ပေးတာမျိုးရှိပေမဲ့ အခုလတ်တလောမှာတော့ ပြောင်းရွှေ့တာမရှိသေးဘူးလို့ ရပ်ကွက် ၁ ရာအိမ်မှူး ဦးလင်းအောင်က ပြောပါတယ်။

“ရပ်ကွက် (၅) ဘက်က ဒုက္ခသည်စခန်း အဲဒီလိုမျိုး ချထားပေးမယ်လို့တော့ သတင်းကြားပါတယ်။ နှစ်ခန်းဆိုနှစ်ခန်း အဲဒီလိုမျိုးပဲ နေခိုင်းမှာပေါ့။”လို့ ဦးလင်းအောင်က ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

ရွှေညောင်ပင်ကျေးရွာဟာ မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်မှာ တည်ရှိပြီးတော့ အနီးအနားမှာတော့ စစ်ကောင်စီရဲ့ ၃၂၁ တပ်ရင်း ရှိတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here