ရှငေါ်ကျေးရွာအနီးမှာ လမ်းပြိုနေတာ နှစ်ပတ်လောက်ရှိပြီဖြစ်ပြီး ပြုပြင်မှုတွေမလုပ်သေးတာကြောင့် သွားလာရေး ခက်ခဲ

6

 

ဇူလိုင်၊၁၇

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ ချီဖွေမြို့နယ်ကြားက ရှငေါ်ကျေးရွာအနီးမှာ လမ်းပြိုနေတာ နှစ်ပတ်လောက်ရှိပြီဖြစ်ပြီး ပြုပြင်မှုတွေ မလုပ်သေးတဲ့အတွက် သွားရေးလာရေး ခက်ခဲပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းလောက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမြေသားတွေပျော့ပြီး ကတ္တရာလမ်းမကြီးဟာ ကန့်လန့်ဖြတ်ပြိုကျချိုင့်ဝင်သွားတာပါ။

“အခုလတ်တလောမှာတော့ လမ်းပြိုကျချိုင့်ဝင်နေတဲ့ လမ်းကိုရှောင်ပြီး ကျန်နေတဲ့လမ်းနံဘေးကနေ ဖြတ်သန်းသွားလာနေကြတယ်။” ချီဖွေဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အဲဒီလမ်းပိုင်းကို လွန်ခဲ့တာ NLD အစိုးရခေတ်က လမ်းပြန်လည်ချဲ့ထွင်တာ၊ ပြုပြင်တာတွေပြုလုပ်ပြီး ကတ္တရာခင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကန်ပိုက်တီ-ဆဒုံးလမ်းပိုင်းမှာလည်း တောင်ပြိုတာတွေကြောင့် လမ်းပိုင်ပျက်စီးမှုတွေရှိနေပြီး ပြည်သူတွေနဲ့ ကုန်သည်တွေ သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။

လမ်းပိုင်းကို KIA ဘက်က ပြုပြင်မှုတွေပြုနေကြပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ကြန့်ကြာနေရတယ်လို့လည်း ကြားသိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက KIA ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်မြို့၊ ဝူယန်ကျေးရွာကနေ ကန်ပိုက်တီ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး၊ ချီဖွေမြို့နယ်နဲ့ ပန်ဝါဒေသတစ်ခုလုံးကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here