မြန်မာမှာ ပြင်းထန်ငှက်ဖျားဖြစ်ပွားနိုင်ခြေ မြင့်တက်လာတယ်လို့ Health Cluster ပြော၊ ငှက်ဖျားဆေး နည်းလာတာက အခြေအနေကို ပိုဆိုးစေတယ်လို့ဆို

13
ဓါတ်ပုံ- UNICEF

 

ဩဂုတ်၊၄

ကချင်ပြည်နယ်အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာ ငှက်ဖျားရောဂါကူးစက်မှု ပိုမြင့်တက်လာနေတယ်လို့ Health Cluster Myanmar ရဲ့ ဇူလိုင်လအတွက် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှု အမျိုးအစားဟာလည်း ရိုးရိုးငှက်ဖျားကနေ ပြင်းထန် ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေမြင့်တဲ့အမျိုးအစားအဖြစ် သိသိသာသာ ပြောင်းလဲလာတာကို စိုးရိမ်စရာအဖြစ် တွေ့ရတယ်လို့ ဆိုပါတယ်။

ငှက်ဖျား စစ်တဲ့ပစ္စည်းတွေနဲ့ ဆေးစိမ်ခြင်ထောင်တွေ ရရှိနိုင်မှုကလည်း အလွန်နည်းပါးနေတဲ့ အတွက် ဒါဟာ ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း ဈေးကွက်ထဲမှာ ငှက်ဖျားကုသဖို့သုံးတဲ့ အခြေခံပေါင်းစပ်ဆေးဝါး (ACTs) ရရှိနိုင်မှု နည်းပါးတာကလည်း အခြေအနေကို ပိုခက်ခဲစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေကြောင့် မကြာခဏ စစ်ဘေးရှောင်နေကြရတာ၊ လုံခြုံရေးနဲ့ သတင်း အချက်အလက် လျှို့ဝှက်ထားရတာတို့ဟာလည်း ရောဂါဖြစ်ပွားမှုကို အချိန်မီ တုံ့ပြန်နိုင်ရေးအတွက် နှောင့်နှေးကြန့်ကြာ စေနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Health Cluster ဆိုတာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးဆောင်နေတဲ့ အေဂျင်စီအောက်ကနေ ကျန်းမာရေးအဖွဲ့အစည်းတွေကြားပူးပေါင်းဆောင်ရွက်နေတဲ့ ကွန်ယက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ကချင်ပြည်နယ်က မြစ်ကြီးနားမြို့မှာဆိုရင် ငှက်ဖျား စစ်တံ အခု ၃၀ ပါ တစ်ထုပ်ကို ကျပ်လေးသောင်းကျော်နဲ့ ဆေးကတော့ အယောက် ၅၀ စာလောက်ဆိုရင် ၁၈ သိန်း ဝန်းကျင် ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဒါဟာ ဈေးနှုန်းတွေသာဖြစ်ပြီး ဝယ်ယူဖို့ခက်ခဲတာကြောင့် ကြိုတင်မှာယူထားရသလို ငှက်ဖျားစစ်တံတွေကအစ ဆိုင်တိုင်းမှာ ချက်ချင်းရနိုင်ဖို့ ခဲယဉ်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here