ကိုဗစ်ကပ်ရောဂါကြောင့် ယခုလာမယ့်ပညာသင်နှစ် အနည်းငယ်နောက်ကျနေခဲ့ရပါတယ်။ ကူးစက် မြန်ရောဂါဖြစ်တာနဲ့အညီ လူစုလူဝေးနဲ့ နေထိုင်သင်ကြားရတဲ့ ပညာသင်စနစ်ကို ယခုလို ဂရုစိုက်သတိထားပြီး ဆောင်ရွက်နေတာကလည်း သဘာဝကျပါတယ်။ မိဘတွေဘက်ကနေ ကြည့်ရင်လည်း စိုးရိမ်ပူပန်စိတ်တွေရှိ နေကြမှာပါပဲ။တစ်ချို့မိဘတွေကကိုယ့်ကလေးကို တစ်နှစ်တော့ နားခိုင်းလိုက်ရမလားမသိဘူးဆိုတဲ့ အတွေးအ မြင်မျိုးတွေ ရှိနေကြတာကိုလည်း တွေ့ရပါတယ်။ ဘာပဲပြောပြော အစိုးရကတော့ အခြေအရပ်ရပ်ကို စောင့် ကြည့်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင် ကာကွယ်စရာရှိတာကာကွယ်ပြီး ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတာကိုလည်း သိရပါတယ်။
ကိုဗစ်ကာလအတွင်း ပညာသင်နှစ်နောက်ကျရဲ့အထဲ လာမယ့်ပညာသင်နှစ်ရဲ့ အထက်တန်းအဆင့် တွေမှာ sex education အကြောင်းကို လူမှုရေးဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားမယ်ဆိုတော့ မိဘတွေကြားမှာကော ပြည်သူလူထုကြားမှာပါ အငြင်းပွားမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာ ကိုအားလုံးသိကြပါတယ်။ ဘယ်သူတွေက ဘယ်လိုငြင်းပြီး ဘယ်သူတွေက ဘယ်လိုလက်ခံကြတယ် ဆိုတာကို ဒီနေရာမှာ ပြောဖို့မရည်ရွယ်ပါဘူး။
ဒီနေရာမှာ ပြောချင်တာက sex education အကြောင်းနဲ့ သင်ကြားသင့်တဲ့ ပုံစံကိုပဲ ဆွေးနွေးတင်ပြ သွားချင်တာပါ။
Sex education အကြောင်းပြောမယ်ဆိုရင် sex education ဆိုတာဘာလဲလို့ အရင်ဆုံး သိထားရမှာ ဖြစ်ပါတယ်။ တစ်ချို့ကSEd ဆိုတာကို လိင်ပညာပေးလို့ပဲထင်မြင်ကြတာရှိပါတယ်။ အမှန်ကတော့ SEd ထဲမှာ gender အမျိုးအစားတွေ၊ ကျန်းမာရေးအသိပညာဆိုင်ရာတွေ၊ မျိုးပွားအင်္ဂါတွေ၊ sexနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တဲ့ အရာတွေ စတဲ့ ဘာသာရပ်တွေ အများကြီးပါဝင်ပါတယ်။ အဲဒီတော့ ဒီအကြောင်းတွေကို ကလေး တွေကို သင်ကြားတဲ့နေရာမှာ ပထမဆုံးပြောချင်တာကတော့ သင်ရိုးညွှန်းတမ်းကိစ္စပါ။ သင်ရိုးညွှန်းတမ်းကို ဘယ် လိုရေးဆွဲမလဲ။ ဘယ်လိုအကြောင်းအရာတွေ ပါသင့်ပြီး ဘယ်လိုအကြောင်းအရာတွေ မပါသင့်ဘူးလဲ။ ဒါတွေကနေစပြီး စဉ်းစားရမှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းဆွဲတဲ့နေရာမှာ ဘယ်လိုပညာရှင်တွေပါဝင်သင့်သလဲ ဒါတွေကသိပ်ကိုအရေးကြီးတဲ့ ကိစ္စတွေပါ။ စာရေးသူအမြင်အနေနဲ့ ပြောရရင်တော့ နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းတွေကိုလည်း လေ့လာသင့်ပါတယ်။ သူများနိုင်ငံတွေမှာ SEd သင်ရိုးတွေကို ဘယ်လိုရေးဆွဲထားသလဲ။ ဘယ်အတန်းမှာ ဘယ်လောက်အတိုင်းအတာထိ သင်မလဲ ဒါတွေကို အရင်ဆုံးလေ့လာပြီးမှ ရေးဆွဲသင့်တယ်လို့ ထင်ပါတယ်။ အခုလတ်တလော လေ့လာမိသလောက် SEd သင်ခန်းစာတွေကို ကြည့်လိုက်ရင် သိပ်ပြီး အသိပညာပေးတဲ့ဘက်ကို မသွားဘဲ မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုတဲ့ စိုးရိမ်စိတ်ကို အခြေခံထား တာမျိုးကများနေတယ်လို့ မြင်မိတယ်။ ဒါကြောင့် SEd သင်ခန်းစာတွေကို ရေးဆွဲတဲ့နေရာမှာ တတ်သိနားလည် တဲ့ ကျန်းမာရေးပညာရှင်တွေ၊ ကလေးစိတ်ပညာရှင်တွေ၊ လူမှုရေးပညာရှင်တွေရဲ့ အကူအညီနဲ့ ရေးဆွဲသင့် တယ်လို့ထင်ပါတယ်။
SEd နဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံက ခေတ်အဆက်ဆက်အားနည်းခဲ့တာပါ။ အိမ်မှာ ကျောင်းမှာ မိဘနဲ့သားသမီး၊ တပည့်နဲ့ဆရာ ကြားမှာ ဒီကိစ္စတွေဟာ ပြောရမယ့်အရာ မဟုတ်ဘူးလို့ နားလည်ထားကြတာမျိုးပါ။ ပြောချင်ရင်တောင် မပြောရဲတာမျိုးတွေ။ မေးချင်ရင်တောင် မမေးရဲတာမျိုးတွေနဲ့ ဒီလိုပဲ အချိန်တန် အရွယ်ရောက်လာကြတာမျိုးပါ။
အရွယ်ရောက်လာတဲ့ အခါမှာ လူ့သဘာဝအရ သွေးသားပြောင်းလဲမှုတွေနဲ့ ကြုံလာတဲ့အခါ ဘာမသိညာမသိနဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို တွေ့ထိလာရတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်။ မတတ်သင့်တာတွေတတ်။ နားလည်မှုအလွဲအမှားတွေနဲ့ ဒီလိုပဲ အရွယ်ရောက်လာကြတာက များပါတယ်။ ဒီလိုနဲ့ပဲလူမှုဝန်းကျင်ထဲ ဖြတ်သန်းရှင်သန်ကြရတာပါပဲ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နိုင်ငံခြား ရုပ်ရှင်တွေ၊ လိင်ဖျော်ဖြေရေးစာအုပ်တွေကို ဖတ်ပြီး ကိုယ့်ဘာသာ နားလည်ချင်သလိုနားလည်ပြီး ကြီးပြင်းလာကြ တာတွေကများပါတယ်။ အဲဒီနိုင်ငံခြားရုပ်ရှင်တွေ၊ လိင်ဖျော်ဖြေရေးစာအုပ်တွေက ရတဲ့အသိနဲ့ပဲ လိင်မှုကို နားလည်လာတဲ့အခါ လက်တွေ့လောကမှာ ကြီးမားတဲ့အမှားအယွင်းတွေနဲ့ တွေ့ကြုံရတော့တာပဲ။ အချိန်မတန် ခင် လက်တည့်စမ်းချင်လာတာတွေ။ မဖြစ်သင့်တဲ့ လိင်မှုကိစ္စတွေကို ကျူးလွန်မိတာတွေ။ ထိန်းသိမ်းသင့်တဲ့ အသိမရှိဘဲ နားမလည်ဘဲ ကိုယ်ဝန်ဆောင်လာရတာတွေနဲ့ ကလေး ဖျက်ချလာရတာတွေဟာ SEd ကို သင်ကြားခြင်းမခံရတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ တစ်ချို့တွေက လိင်ကိစ္စဆိုတာ သင်စရာ မလိုပါဘူး။ သူ့ဘာသာတတ်တဲ့ကိစ္စပါ ဆိုတာမျိုးတွေကိုလည်း ပြောဆိုနေကြတာတွေ့ရကြားရသိရ ပါတယ်။ အင်မတန်လွဲမှားတဲ့ အမြင်ပါ။
ပြီးရင်ဒီနေ့ခေတ်မှာ ဂျန်ဒါမတူတဲ့ အပေါ်နားလည်နိုင်စွမ်းမရှိတဲ့သူတွေဟာ လူများစု ဖြစ်ပါတယ်။ မိမိနဲ့ ပုံစံမတူတဲ့သူတွေကို နားလည်နိုင်စွမ်း အင်မတန်အားနည်းကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုထဲမှာ ဒီလိုထူးခြားတဲ့ သူမျိုးတွေကို တွေ့လာရရင် လူတွေအနေနဲ့ ရှက်ကြောက်တာမျိုးတွေ။ အပေါင်းအသင်းမလုပ်ဘဲ ရှောင်ဖယ်တာမျိုးတွေ။ မိဘတွေအနေနဲ့ဆိုရင်လည်းကိုယ့်သားသမီးထဲမှာ ထူးထူးခြားခြား ပုံစံမျိုးတွေ တွေ့လာပြီဆိုရင် နားလည်ပေးနိုင်တဲ့မိဘထက် ရှက်ကြောက်တဲ့မိဘက ပိုပါတယ်။ အဲဒီအခါ မျိုးမှာ ဒီလိုကလေးတွေဟာ သူ့ရဲ့ဖြစ်တည်မှုကိုနားလည်ဖို့ထက် သူဟာ လူ့အသိုင်းအဝိုင်းထဲမှာ အကျဉ်ခံ အဖယ်ခံလူမျိုးတစ်မျိုးအနေနဲ့ နာကျင်စွာ ရှင်သန် ဖြတ်သန်းရတော့တာပါပဲ။ ဒါတွေဟာ SEd ကို နားမလည်ခြင်း ကြောင့်ပဲဖြစ်ရတာမျိုးတွေပါ။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေအများကြီးဖြစ်ပေါ်ခဲ့ပြီးပါပြီ။ အဓိကရုဏ်းတွေ။ ဆန္ဒပြမှုတွေအထိဖြစ်ကြရတာပါ။
လိင်ကိစ္စနဲ့ပတ်သက်ရင် မြန်မာလူမျိုးတွေဟာ အင်မတန်အရှက်အကြောက်ကြီးတဲ့လူမျိုးပီပီ ဒီကိစ္စနဲ့ ပတ်သက်လာရင် ဖုံးကွယ်ထားကြတာကများပါတယ်။ ပညာရပ်တစ်ရပ်အနေနဲ့ သင်ကြားတာမျိုးတွေဟာ ကျောင်းမှာကော လူ့အသိုင်းအဝိုင်းမှာကော၊ နယ်ပယ်ကဏ္ဍ အသီးသီးမှာပါ မမြင်အပ်မကြားအပ်မပြောအပ်တဲ့ ကိစ္စလို့ပဲ ခံယူထားကြတာကများပါတယ်။ အဲဒီတော့ ခေတ်အဆက်ဆက် ဖြတ်သန်းလာတဲ့ မျိုးဆက်တွေ ဒီအသိပညာဟာ အင်မတန်အားနည်းလှပါတယ်။
အခုအစိုးရလက်ထက်မှာတော့ ဒါတွေကို ပညာရှင်တွေကကော ၊ အစိုးရနဲ့ပြည်သူတွေကပါ ပူးပေါင်း ပြီး နောက်မျိုးဆက်တွေအတွက် သင်ကြားပေးသင့်တဲ့ အချိန်ရောက်လာပြီလို့မြင်ပါတယ်။ အဲဒီလိုသင်ကြားတဲ့ နေရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကလည်း ရှိနေပါသေးတယ်။ နုနယ်တဲ့ အသိပညာမပြည့်ဝသေးတဲ့ ကလေးတွေကို သင်ကြားရမှာနဲ့အညီ ကလေးတွေကို ဘယ်လိုသင်ကြားမလဲဆိုတဲ့ သင်ကြားရေးကိစ္စတွေက လည်း အရေးပါလာပါတယ်။ ဒီနေရာ ဆရာဆရာမတွေကပဲသင်မလား။ အပြင်ကပညာရှင်တွေဖြစ်ဖြစ် ကျန်းမာရေး အသိပညာရှင်တွေနဲ့ ဖြစ်ဖြစ် သင်ကြားကြမလား။
သင်ကြားချိန်ကို ဘယ်လိုသုံးစွဲမလဲ ။ တစ်ပတ် မှာ တစ်ချိန်လား။ တစ်လမှာ တစ်ချိန်လား။ သင်တဲ့နေရာမှာ ကျားမခွဲသင်မလား။ ပေါင်းသင်မလား။ ဒါတွေက လည်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ကြားရသလောက်ကတော့ SEd ကို အငယ်တန်းတွေကို သင်တဲ့နေရာမှာ ဆရာလက်စွဲစာအုပ်နဲ့ တစ်လမှာနှစ်ခါလောက် ဆရာ ဆရာမတွေကပဲ သင်ကြားပေးနေကြ တယ်လို့ကြားရပါတယ်။ အထက်တန်းတွေကို သင်တဲ့အခါမှာကော ဘယ်လိုသင်မလဲ။ ဆရာဆရာမတွေရဲ့ SEd အပေါ်အမြင်နဲ့ သင်ကြားရေးစွမ်းရည်တွေကကောဘယ်လိုရှိသလဲ ဒါတွေကိုလည်း ထည့်တွက်ရမှာဖြစ်ပါ တယ်။
တကယ်တန်းသင်မယ်ဆိုတဲ့အခါကျရင် ဆရာဆရာမလုံလောက်မှုပြသာနာ၊ ပညာရှင် မလုံလောက်မှု ပြူနာတွေနဲ့လည်း တွေ့ကြုံလာရနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ SEd သင်ကြားပေးမယ့် ဆရာဆရာမတွေကို အရင်ဆုံး သင်တန်းပေးပြီးမှ ကလေးတွေကို သင်သင့်တယ်လို့လည်းမြင်ပါတယ်။ ဒီကိစ္စဟာ အကဲဆတ်တဲ့ ဘာသာရပ်ဖြစ်တာနဲ့အညီ သင်ကြားပေးမယ့် သူရဲ့သင်ကြားရေးစွမ်းရည်နဲ့ အသိပညာကလည်း အလွန်အရေးပါမှာပဲ ဖြစ်ပါတယ်။
ကိုဗစ်ကာလ ကြောင့်ပညာသင်နှစ်နောက်ကျနေပေမယ့် ထည့်သွင်းဆွေးနွေးရမယ့် ဘာသာရပ်တစ်ခု ဖြစ်တာနဲ့အညီ SEd အကြောင်းကို တစေ့တစောင်း လေ့လာရင်း တင်ပြဆွေးနွေးလိုက်ရပါတယ်။
ကျော်ရင်ဦး