မေ၊၂၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ/နမ်ခမ်ကျေးရွာအုပ်စုမှာ ရွာအနီးအနားတစ်ဝိုက် ရွှေတူးဖော်တာတွေ များလာတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်တဲ့အချိန် မြေနေရာတွေ ပျက်စီးနေမှာကို စိုးရိမ်နေကြပါတယ်။
ကျေးရွာထဲထိ တူးဖော်လာတာမျိုးတော့ မဟုတ်ပေမဲ့ ရွာအနီးက ရေလမ်းကြောင်းတစ်လျှောက် တူးဖော်နေတာဖြစ်ပြီး ရွာနားရောက်ဖို့ ဖာလုံလောက်ပဲလိုတော့တာကြောင့် စိုးရိမ်မှုတွေရှိနေတာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
” ရွှေတူးစားလိုက်ရင်က လယ်ယာမြေတွေလည်း လုပ်လို့မရဖြစ်သွားမယ်။ အဲဒါတွေ စိုးရိမ်တာပေါ့။ ကျွန်တော်တို့ ဒေသခံတွေ သွားမနေနိုင်သေးတဲ့ အချိန်အတွင်း ရွှေတူးတဲ့ဟာမျိုး မလုပ်ပေးဖို့ လိုလားတာ။” လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိကျေးရွာဘက်မှာ တခြားဒေသဘက်က လူတွေတူးဖော်နေကြတာဖြစ်ပြီး ရွှေတူးဖော်မှုနဲ့ ပတ်သက်လို့ ဒေသခံတွေက နှစ်ဖက်တပ်ကို စာ ၃ ကြိမ်လောက် တင်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။
နယ်မြေလုံခြုံမှုမရှိတဲ့အတွက် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသလို ဒေသခံတွေက ကိုယ့်မြေနေရာတွေကို ရွှေတူးဖော်ပေးလိုက်မှာ စိုးရိမ်နေတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ပြန်နိုင်ရင်က ကိုယ့်နေရာတွေရှိနေရင်တော့ ပြန်သွားလုပ်စားလို့ရတယ်။ မရှိတော့ရင်တော့ ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့။ ကိုယ့်ရွာတွေကို တူးစားပေးလိုက်မှာ စိုးရိမ်တာ။” လို့ ဆိုပါတယ်။
တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ်ဗျူ၊ အင်ဂါဂါး၊ ဝှေလော၊ ထန်းဘရာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ထွက်ပြေးတိမ်းရှောင် သွားခဲ့ရတာဖြစ်ပြီး ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
လက်ရှိမှာတော့ အင်ဂါဂါးကျေးရွာနဲ့ နမ်ဗျူကျေးရွာမှာ စစ်ကောင်စီက တပ်စွဲနေထိုင်ထားပြီး အဲဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်ရင်း (၁၄) ရဲ့ လှုပ်ရှားနယ်မြေလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ- တနိုင်းမြို့အတွင်း ရွှေမှော်တစ်နေရာ