မြစ်ကြီးနားမြို့တွင်းက ထောင်ကျနေသူများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပေါ်နေ

39

 

မေ၊၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းက ထောင်ကျနေသူတွေရဲ့ မိသားစုဝင်တွေကို ထောင်ကျနေသူတွေဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ဆိုပြီး ငွေကြေးလိမ်လည်တောင်းခံမှုတွေ ရှိနေတယ်လို့ လိမ်လည်ခံရတဲ့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်က ထောင်ပိုင်လို့ဆိုပြီးတော့ တပ်ကုန်းရပ်ကွက်ဘက်က နယ်မြေမှူးတစ်ဦးဆီကို ဖုန်းနဲ့ အရင်ဆက်သွယ်ခဲ့ပြီး မိမိနယ်မြေအတွင်း ထောင်ကျနေသူ ဘယ်နှစ်ဦးရှိကြောင်း အရင်မေးမြန်းပြီးတော့ ထောင်တွင်း ဖျားနာမှုတွေ အများအပြားရှိနေကြောင်း၊ မိသားစုဝင်တွေကနေ တစ်စုံတရာ ဆက်သွယ်မေးမြန်းမှု မရှိတာကြောင့် နယ်မြေမှူးကနေတဆင့် မိသားစုဝင်တွေကို အကြောင်းကြားပေးပြီး မိမိဆီကို(ထောင်ပိုင်အမည်ခံ ငွေလိမ်သူ) တိုက်ရိုက်ဆက်သွယ်လာဖို့ ပြောကြားခဲ့ကြောင်း ဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ရတဲ့ အထက်ပါနယ်မြေမှူးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” အစကတော့ မရှိဘူးလို့ပြောတာ။ ကျနော့်အိမ်ဘေးနားက ထောင်ကျနေတဲ့သူ တစ်ယောက်ရှိတော့ သူတို့ကလည်း ထွက်ခါနီးလို့ တွေ့ချင်တာနေမှာပေါ့။ကျနော်လည်း ကျနော့်ဖုန်းနံပါတ် သိတာဆိုတော့ ဟုတ်တယ်ထင်ပြီး အဲဒီလိုမျိုးတော့ မတွေးလိုက်မိဘူး။ ကျနော်လည်း ဖုန်းနံပါတ်ပေးလိုက်တာက ဪ သူတို့လူတွေ ဖျားနေလို့များလားပေါ့။ ဖုန်းဆက်ရင်တော့ သွားတွေ့ပါစေပေါ့။ ပိုက်ဆံနဲ့ ပတ်သက်ပြီးမှတော့ နည်းနည်းမှ မတွေးမိတာဟုတ်တယ်။ ကျွန်တော်က ဖျားနေလို့ လာတွေ့ဖို့ပြောမယ်ထင်ပြီး ဖုန်းနံပါတ်ပေးလိုက်တာ(ထောင်ကျနေသူရဲ့ မိသားစုဝင်တွေဆီကို) ဟုတ်တယ်”လို့ ရှင်းပြပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ မူးယစ်အမှုနဲ့ ထောင်ကျနေသူတစ်ဦးရဲ့ မိသားစုဝင်ကနေ သူတို့နယ်မြေမှူးဆီကနေ လက်ခံရရှိခဲ့တဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်တဲ့ အခါမှာတော့ ထောင်ကျနေရသူအမည်ကို မေးမြန်းပြီး ပြန်လည်အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထောင်ပိုင်ဆိုသူကနေ ထောင်ကျနေရသူရဲ့ အမည်ကိုပြောဆိုပြီး အသည်းအသန်ဖျားနာမှုတွေ ရှိနေတာကြောင့် မြစ်ကြီးနားမြို့က ပြည်သူ့ဆေးရုံကြီးနဲ့ မြတ်မွန်ဆေးရုံ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းပြီးတော့ ဆေးကုသမှုခံယူချင်တယ်ဆိုရင် Wave Money ကအရင် ငွေ ၅ သိန်းခွဲ ကြိုလွှဲဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မင်းတို့လူက အသည်းအသန်ဖြစ်နေပြီ ခုထိလည်းငြိမ်နေတာ။ လူ့အသက်တစ်ချောင်းကို အဲဒီလိုလုပ်နေတာ မင်းတို့ အိမ်သားတွေမှ မလုပ်ပေးရင် ဘယ်သူလုပ်ပေးမှာလဲ ပြောပြီး စိတ်ဆိုးတဲ့လေသံနဲ့ ဟောက်သလိုလိုပြောတော့ ကျွန်တော်တို့လည်းပြာသွားတာ။ ဖျားနေတာလည်း သိထားတော့ အဲဒီလိုနဲ့ ဆေးကုမယ်ဆိုရင် ပိုက်ဆံလွှဲလိုက်။ အဲဒီလိုဆို မင်းတို့တခြားကုစရာ မလိုတော့ဘူး။ ငါတို့သွားပြီး ကြည့်လုပ်လိုက်မယ်။ ပိုရင်ပြန်ပေးမယ် လိုရင်တော့လည်း ဆက်ပေးပြောပြီး မြတ်မွန်မှာ သွားစောင့်နေတာ။ ကြာလာလို့ ဖုန်းပြန်ဆက်တော့ အခုထုတ်နေပြီ အဲဒီမှာ စောင့်နေလိုက်လို့ပြောပြီး ဖုန်းချသွားတာ” လို့ ငွေတောင်းခံတဲ့ အကြောင်းအရင်းကို အထက်ပါ ထောင်ကျနေသူရဲ့ မိသားစုဝင်က ရှင်းပြပါတယ်။

မြတ်မွန်ဆေးရုံမှာ သွားစောင့်နေတဲ့အချိန် သူနာပြုတစ်ဦးထွက်လာပြီး ဘယ်သူ့ကို စောင့်နေကြောင်း မေးမြန်းခဲ့တာကြောင့် ဖြစ်စဉ်ကိုပြောပြလိုက်ရာ သူနာပြုဘက်ကနေ အရင်ညကလည်း အခုဖြစ်စဉ်လိုမျိုး ထောင်ကလူနာလာပို့မယ်လို့ဆိုပြီး အမျိုးသမီးကြီး ၂ ယောက် သန်းခေါင်အချိန် မနက်တစ်နာရီထိ စောင့်ခဲ့ရပြီး ပိုက်ဆံ ၈ သိန်းလည်း ကြိုလွှဲခဲ့ရကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖုန်းဆက်ပြီး ငွေတောင်းခံတဲ့ ထောင်ပိုင်ဆိုသူရဲ့ ဖုန်းနံပါတ်ကို မြစ်ကြီးနားသတင်းဂျာနယ်ကနေ ဆက်သွယ်မေးမြန်းတဲ့အချိန် ထောင်ပိုင်ဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် နာမည်ကို ထပ်မံမေးမြန်းခဲ့ရာမှာတော့ ဖြေကြားတာမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

အထက်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မြစ်ကြီးနား အကျဉ်းထောင်ပိုင်ကိုလည်း မြစ်ကြီးနားသတင်းဂျာနယ်ကနေ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး သက်ဆိုင်မှုလုံးဝမရှိကြောင်း ငြင်းဆိုပြီး ထောင်ပိုင်လို့ဆိုကာ ငွေလိမ်လည်နေသူကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့ အကြောင်းကြားထားတယ်လို့ ဖြေကြားပါတယ်။

” ကျနော်လည်းကြားနေတယ်။ ကျနော်တို့ဆီမှာမရှိဘူး အဲဒီလိုမျိုး။ အပြင်မှာလိမ်စားနေကြတာ။ အပြင်မှာလျှောက်ပြီးတော့ ယုံအောင်ပြောပြီးတော့ လိုက်ပြီးတော့ လုပ်စားနေတာ အသံကြားတယ်။ ကျနော်လည်းရဲတွေကို တိုင်ထားတယ်။ သူတို့က ပျောက်သွားလိုက် ပြန်လုပ်လိုက် တော်တော်ကြာနေပြီ။ အခုမှ တစ်ခါပြန်ကြားနေတယ် လို့ အထက်ပါမြစ်ကြီးနားအကျဉ်းထောင်ပိုင်က ဆိုပါတယ်။

ငွေလိမ်လည်ခံလိုက်ရတဲ့ မိသားစုဝင်တွေကနေ ငွေလွှဲပေးခဲ့တဲ့ ဖုန်းနံပါတ်ကို မေးမြန်းကြည့်တဲ့အခါမှာ မန္တလေးတိုင်းဒေသကြီး အမှတ် (၁၃)/ ၆၂ ရပ်ကွက်/ ၁၃၃ လမ်း/ ပြည်ကြီးတံခွန်မြို့နယ်ကနေ ငွေထုတ်သွားတာဖြစ်ပြီး ဆိုင်နာမည်တော့မရှိဘူးလို့ ပြောဆိုထားတဲ့ အသံဖိုင်ကို မြစ်ကြီးနားသတင်းဂျာနယ်ကနေ လက်ခံရရှိထားပါတယ်။

အထက်ပါ နယ်မြေမှူးရဲ့ ပြောပြချက်အရ အခုလိုဖြစ်စဉ်မှာ မြစ်ကြီးနားမြို့တွင်း အများအပြား ဖြစ်ပွားနေပြီး သူ့နယ်မြေတွင်းက မိသားစု (၂) စုနဲ့ အေးမြသာယာရပ်ကွက်က အများအပြားကြုံတွေ့ခဲ့ရတာကြောင့် သက်ဆိုင်ရာကနေလည်း စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here