ဒွမ်ဘန်ကျေးရွာတွင် ကျွဲ၊ နွားပျောက်ဆုံးမှု များပြားလာပြီး အမြန်ဆုံးဖြေရှင်းပေးစေလို

151

 

မေ၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာမှာ ကျွဲ၊ နွား ပျောက်ဆုံးမှု ပိုများလာပြီး ခိုးယူသတ်စားတဲ့အထိ ရှိလာတဲ့အတွက် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။

ကျွဲ၊ နွား ခိုးယူ သတ်စားတဲ့အထဲ ရွာအနီးမှာစခန်းချထားတဲ့ (၂၉၈)တပ်က တပ်သားအချို့လည်း ပါဝင်နေပြီးတော့ တခြား ခိုးယူတဲ့အဖွဲ့တွေဟာ အသားရောင်းဆိုင်၊ ရွှေမှော်တွေဘက်ကတဆင့် ပို့ဆောင်ရောင်းဝယ်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ တစ်ပတ်ကို တစ်ကောင်၊ နှစ်ကောင် ဆိုသလို ကျွဲ၊ နွားပျောက်ဆုံးမှုတွေ ရှိနေပြီး တချို့ပျောက်ဆုံးသွားတဲ့ နွားတွေကို သေနတ်နဲ့ပစ်တဲ့အပြင် ဓားတွေနဲ့ ခုတ်ယူတာတွေ ရှိခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

” ခိုးသတ်ပြီး အသားခုံတွေဆီလိုက်ပို့၊ ရွှေမှော်ဘက် သွားရောင်း။ ပျောက်တာကတော့ ပုံမှန်ပဲ”လို့ အထက်ပါဒေသခံက ပြောပါတယ်။

အရင်နှစ်တွေကတည်း အခုလို နွားပျောက်တာတွေ ရှိခဲ့ပြီး ၂၀၂၂ခုနှစ် မေလပိုင်းကနေ ဩဂုတ်လအတွင်းမှာကို ရွာထဲက နွားတွေ အကောင် ၃၀ ထက်မနည်း ပျောက်ဆုံးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အရင်နှစ်က ပျောက်ဆုံးသွားတဲ့ နွားအချို့ကို ရွာအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ သတ်စားတယ်ဆိုတာ သက်သေနဲ့တကွ တွေ့မိတဲ့အကြောင်း အရပ်သားပြည်သူတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားခဲ့ဖူးပါတယ်။

လက်ရှိ အိမ်ခြေ(၂၀)လောက်ရဲ့ ကျွဲ၊ နွားတွေ တစ်အိမ်ကို နှစ်ကောင်နှုန်းနဲ့ ပျောက်ဆုံးနေပြီး အခုလို ပျောက်ဆုံးမှုဟာ ပုံမှန်လို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ကျွဲ၊ နွား ပျောက်ဆုံးတာတွေ၊ ခိုးယူသတ်စားတာတွေ ဆက်မဖြစ်အောင် တားဆီးပေးဖို့ကိုလည်း ဒေသခံပြည်သူတွေ လိုလားနေကြပါတယ်။

ဒွမ်ဘန်ကျေးရွာအတွင်း ဒေသခံပြည်သူတွေ တစ်နိုင်တပိုင် မွေးမြူတဲ့ နွားအကောင်ရေ ၃၀၀ လောက် ရှိပြီးတော့ ကျွဲမွေးမြူသူတွေလည်း များတယ်လို့ သိရပါတယ်။

ဒွမ်ဘန်ကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်လောက်ရှိပြီး (၂၉၈)တပ်စခန်းဟာ ဒွမ်ဘန်နဲ့ မန်ပန်ကျေးရွာနှစ်ရွာရဲ့ အလယ်မှာ စခန်းချထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here