ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် တနိုင်း – ရှင်ဗွေယန် လီဒိုလမ်းမကြီးပြုပြင်မည့် ဘတ်ဂျက်ပြန်အပ်

118

မေ၊၂၂

ကချင်ပြည်နယ်၊ တနိုင်း – ရှင်ဗွေယန် လီဒိုလမ်းမကြီးပြုပြင်ဖို့ ဘတ်ဂျက်ကျပြီးသားဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မလုပ်ဖြစ်ဘဲ နိုင်ငံတော်ကို ဘတ်ဂျတ်ပြန်အပ်လိုက်ရတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

တနိုင်းလမ်းနဲ့ ဖားကန့်လမ်းပိုင်းမှာ ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် လုံခြုံရေးကြောင့် ပြုပြင်မှုတွေ မပြုလုပ်နိုင်သေးဘဲ လမ်းညှိပေးသွားဖို့တော့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်ပင်ထားတာတွေရှိတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ကွန်ကရစ်လမ်းတို့ ကတ္တရာလမ်းတို့ မခင်းနိုင်သေးရင်လည်း မြေညှိပြီးတော့ လိုအပ်တဲ့နေရာတွေမှာ သဲကျောက်ထည့်ဖို့တော့ တိုင်ပင်ထားတာရှိတယ်။ လုံခြုံရေးအရ လုပ်ချင်တိုင်းလုပ်လို့မရတဲ့ အနေအထားတော့ ဖြစ်နေတယ်။ တစ်ချို့နေရာတွေမှာက ဘတ်ဂျတ်ချထားလိုက်ပေမယ့် မလုပ်ဖြစ်တဲ့ နေရာတွေရှိတော့ ဘတ်ဂျတ် ပြန်အပ်လိုက်ရတာတွေ ရှိခဲ့ပါတယ်” လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

တနိုင်း – ရှင်ဗွေယန် လီဒိုလမ်းပိုင်းဟာ NLD အစိုးရလက်ထက်က ဘတ်ဂျတ်ချ ကွန်ကရစ်လမ်း ဆောက်လုပ်နေတာ ဖြစ်ပြီးတော့ အာဏာသိမ်းလိုက်တာကြောင့် မကောကျေးရွာမရောက်ခင် လမုန်ကျေးရွာအကျော်မှာ ရပ်နားလိုက်တာဖြစ်ပြီး လမ်းကိုဆက်လက်ပြုလုပ်တာမျိုး မရှိတော့တဲ့အပြင် ကားကြီးတွေ ဖြတ်သန်းသွားလာမှုတွေကြောင့် လမ်းပိုင်းပိုမိုပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပျက်စီးမှုအများဆုံးဖြစ်တဲ့ ရှိန်လုံကျေးရွာနဲ့ လဂျားဘွမ်ကျေးရွာကြားက ချိုင့်ခွက်တွေကို သဲကျောက်ဖို့တာတွေ ရှိနေပေမယ့် သဲကျောက်နည်းပါးပြီး မြေသားပိုများနေတာကြောင့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” သဲကျောက်က များများမထည့်ပေးဘဲ မြေကြီးပဲထည့်တော့ မိုးရွာတော့ ပိုတောင်ဗွက်ထသေးတယ်” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီ လမ်းပိုင်းဟာ အိန္ဒိယနယ်စပ်အထိပေါက်တဲ့ လီဒီုလမ်းမကြီး ဖြစ်တာကြောင့် NLD အစိုးရလက်ထက်က ကုန်သွယ်ရေးအတွက် ရည်ရွယ်ပြီး လမ်းတံတားဆောက်လုပ်တာတွေကို ပြုလုပ်ခဲ့တဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here