အလှူရှင် လျော့နည်းလာခြင်းကြောင့် နယ်လှည့်ဆေးကုသခြင်းများ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်

2

 

မေ၊၂၂

ဆေးဝါးကူညီထောက်ပံ့တဲ့ အလှူရှင်တွေ လျော့နည်းသွားတာကြောင့် ကချင်ပြည်နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေဘက် နယ်လှည့်ဆေးဝါးကုသတာတွေကို အရင်ကလောက် မလုပ်ဆောင်နိုင်တော့ဘူးလို့ ပရဟိတဆေးဝါးကုသတဲ့ အဖွဲ့တွေက ဆိုပါတယ်။

အရင်က လစဉ်လတိုင်း နယ်လှည့်ဆေးဝါးကုသတာတွေ လုပ်ဆောင်နိုင်ပေမယ့် ဒီနောက်ပိုင်း အလှူရှင်တွေန ည်းပါးသွားတာကြောင့် လတိုင်းသွားနိုင်ဖို့ ခက်ခဲသွားတယ်လို့ ပြည်နယ်တွင်း နယ်လှည့်ဆေးဝါးကုသတာတွေ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တစ်ခုရဲ့ တာဝန်ခံက ပြောပါတယ်။

အခုက လတိုင်းသွားဖို့ ခက်သွားတယ်။ အရင်ကလို ဆေးအများအပြားတော့မရပေမဲ့ ရနိုင်သလောက်နဲ့ လှုပ်ရှားနေတာပေါ့၊ အခုချိန်က။” လို့ ဆိုပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ပူတာအိုမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်နဲ့ ဆဒုံးလမ်းပိုင်းတွေဘက်က ခြေကျင်နဲ့ပဲ သွားရတဲ့နေရာတွေဘက် အဓိကထားသွားရောက်ပြီး နယ်လှည့်ဆေးဝါးကုသတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးဝါးလုံလောက်မှု မရှိတာကြောင့် ဆေးဝါးကုသတာတွေ အရင်ကလောက် မလုပ်နိုင်တော့ဘူးလို့ Covid Emergency Response Network-Kachin (CERN-Kachin) အဖွဲ့တာဝန်ခံကလည်း ပြောပါတယ်။

လျော့သွားတာထက် ဘာမှမလုပ်နိုင်တော့တာ။ တဖြည်းဖြည်း မဆက်သွယ်နိုင်တော့တာပေါ့။ အခုဆို သုံးလတစ်ကြိမ်တောင် မသွားနိုင်တော့ဘူး။”လို့ တာဝန်ခံက ရှင်းပြပါတယ်။

ဒီနောက်ပိုင်း ကျေးလက်ဒေသက ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိတာနဲ့ လျော့နည်းသွားတာတွေကြောင့် အဲဒီဒေသဘက်က ဆေးရုံတွေ သေချာလည်ပတ်နိုင်တာ မရှိသလို ဆေးဝါးလုံလောက်မှု မရှိဘူးလို့လည်း ကြားသိရပါတယ်။

နယ်လှည့်ဆေးဝါးကုသတဲ့ အဖွဲ့အနေနဲ့ ကျေးလက်ဒေသတွေဘက် သွားရောက်တဲ့အချိန် အခြေခံကျန်းမာရေးကို အဓိကထား ကုသပေးတာဖြစ်ပြီး တချို့လူနာတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေဘက် လွှဲပြောင်းကုသတာတွေ လုပ်ဆောင်ပေးတယ်လို့ CERN Kachin အဖွဲ့တာဝန်ခံက ဆက်ပြောပါတယ်။

ကျနော်တို့က ဆရာဝန်တွေပါတာကြောင့် ခွဲလို့ရတာတွေဆို တစ်ခါတည်း ခွဲပေးတာတို့လုပ်တယ်။ ခွဲစရာရှိရင်လည်း ခွဲလိုက်တဲ့အချိန်ရှိတယ်။” လို့ဆိုပါတယ်။

ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းကြီးတွေက ဒီနောက်ပိုင်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေကိုပဲ ကူညီခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တွေလည်း ရှိလာတာကြောင့် လူထုအခြေပြု အဖွဲ့အစည်းတွေဖြစ်တဲ့ ပရဟိတအဖွဲ့တွေဆီကို အကူအညီရောက်တာ လျော့နည်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနောက်ပိုင်းမှာတော့ ဆေးဝါးထောက်ပံ့တဲ့ အလှူရှင်တွေက သတ်မှတ်ပေးတဲ့ နေရာဒေသတွေမှာပဲ သွားရောက်ကုသရတဲ့ အခြေအနေတွေလည်း ရှိလာတယ်လို့ ကြားသိရပါတယ်။

အခက်အခဲအမျိုးမျိုးကြောင့် နယ်လှည့်ဆေးဝါးကုသရေး မသွားရောက်နိုင်ပေမယ့် ဆေးဝါးအကူအညီ တောင်းခံလာတဲ့သူတွေရှိရင် ပရဟိတအဖွဲ့တွေအနေနဲ့ တတ်နိုင်သမျှ ဆေးဝါးတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ဒေသနဲ့လိုက်ပြီး ငှက်ဖျားဖြစ်ပွားတာများလာပြီး ငှက်ဖျားနဲ့ ပတ်သက်တဲ့ ဆေးဝါးပစ္စည်းတွေရရှိဖို့ ခက်ခဲနေပါတယ်။

ဆေးဝါးအကူအညီတွေ လျော့နည်းသွားတဲ့အပြင် ဆေးဝါးဈေးမြင့်တက်တာနဲ့ ပြတ်လပ်တာတွေကြောင့်လည်း ဆေးဝါးကုသရေးမှာ အခက်အခဲကြုံတွေ့ရတယ်လို့ ပရဟိတအဖွဲ့တာဝန်ခံက ဆက်ပြောပါတယ်။

အရင်ကထက် ၂ ဆလောက်ထိကို တက်သွားတယ်။ ဒါတောင်မှ ပိုက်ဆံရှိရင်လည်း ဝယ်လို့မရဘူး။ ပြတ်တာပေါ့။ တချို့နေရာတွေမှာက တစ်သိန်းခွဲနဲ့လိုက်ရှာလည်း မတွေ့တာမျိုးရှိတယ်။”လို့ တာဝန်ခံက ဆိုပါတယ်။

အရင်က အခု ၅၀ ပါ ငှက်ဖျားစစ်တဲ့ပစ္စည်းတစ်ဘူးကို ကျပ်တစ်သောင်းရှစ်ထောင်လောက်သာ ပေးရပေမယ့် လက်ရှိမှာတော့ ကျပ်ကိုးသောင်းလောက် ပေးဝယ်ရပြီးတော့ လိုအပ်သလောက် ဝယ်ယူဖို့လည်း ခက်ခဲတဲ့အပြင် ငှက်ဖျားနဲ့ဆိုင်တဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဆေးဝါးရရှိမှု အခက်အခဲတွေ ထပ်တူကြုံတွေ့နေရတယ်လို့ ကြားသိရကြောင်း ဆိုပါတယ်။

မြို့တွေမှာတော့ ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေ များနေပေမယ့် ကျေးလက်ဒေသတွေဘက် သိပ်မရောက်နိုင်ကြတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here