မြစ်ကြီးနား-တနိုင်းလမ်း နောင်းမီနှင့် မန်ပန်ကျေးရွာကြားတွင် ခရီးသွားကားများအား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ဆပ်ကြေးကောက်ခံမှုများ ရှိနေ

8

 

မေ၊၁၉

မြစ်ကြီးနား- တနိုင်းလမ်း နောင်းမီနဲ့ မန်ပန်ကျေးရွာကြားမှာ ခရီးသွားကားတွေကို ဆပ်ကြေးဆိုပြီး အမည်မသိ အဖွဲ့တစ်ဖွဲ့ကနေ ငွေကြေးကောက်ခံမှုတွေ ရှိနေတဲ့အတွက် ကားသမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

နောင်းမီကျေးရွာကနေ ကြက်ဥတောင်အကျော် ဆန်စက်မရောက်ခင် ကတ္တရာလမ်းအဆင်းနေရာမှာ မိန်းကလေးတစ်ဦးနဲ့ ယောကျာ်လေးနှစ်ဦးပါတဲ့ အမည်မသိ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့ကနေ တနိုင်းမြို့ဘက် အဆင်း၊ အတက် သွားလာနေတဲ့ ကားတွေကို ငွေကြေးကောက်ခံနေတာ ဖြစ်တယ်လို့ ငွေကြေးကောက်ခံ လိုက်ရတဲ့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ငွေကြေးကောက်ခံသူ သုံးဦးဟာ ခန့်မှန်းခြေ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်အရွယ်တွေ ဖြစ်ပြီး သာမန်အရပ်ဝတ်တွေ ဝတ်ဆင်ထားပြီးတော့ သေနတ်ကိုင်ဆောင်တာ မတွေ့ရပေမယ့် အမျိုသားတစ်ဦးရဲ့ ကိုယ်ပေါ်မှာတော့ ဗုံးတစ်လုံး ချိတ်ဆွဲထားတာ တွေ့ရတဲ့ အပြင် ကျည်တောင့် သုံးခုကို ခါးကြားညှပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထွက်ပြီးတော့ ပိုက်ဆံတောင်းနေတာ။ ဘယ်အဖွဲ့အစည်းကလဲ မေးတော့လည်း သူတို့မပြောနိုင်ဘူး ဖြစ်နေတယ်။ ကိုယ်တိုင်ကြုံခဲ့ရတာပါ။ မျက်မှန်တွေ Maskတွေ၊ ဦးထုပ်တွေ ဆောင်းထားတယ်။ မျက်နှာကတော့ ကောင်းကောင်း မမြင်ရဘူး“လို့ ကားသမားက ပြောပါတယ်။

အထက်ပါ ကားသမားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာပဲ အခုလို ဖြစ်စဉ်နဲ့ နှစ်ကြိမ်တိုင် ကြုံခဲ့ရတာဖြစ်ပြီး အဲဒီနေ့က တနိုင်းဘက်က ပြန်လာတဲ့ကား အစီး ၂၀ ကျော်လောက်ကို ငွေကြေးကောက်ခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကားသမားတွေနဲ့ ခရီးသည်တွေကို ကားအပြင်ထွက် ဆင်းခိုင်းတာမျိုးမလုပ်ဘဲ ကားတွေဆီလာပြီး ကောက်ခံသွားတာ ဖြစ်ပြီးတော့ တောင်းခံငွေ မပေးခဲ့ရင် ကားတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတဲ့အတွက် ကားသမားအားလုံး တောင်းတဲ့ပမာဏတိုင်း ပေးလိုက်ရတယ်လို့ အထက်ပါ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

တစ်လကို နှစ်ကြိမ်ထွက်ပြီး ဆပ်ကြေးတောင်းနေတာ မတွေ့ဘူးလားတဲ့။ ကားတွေလည်း အများကြီးပဲ အဲဒီနေ့က။ အကုန်ပေးရတယ်။ မပေးရင် သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ ကားတွေ မီးရှို့မယ်ပေါ့“လို့ ဆိုပါတယ်။

ငွေကြေးကောက်ခံချိန်က မြင်တွေ့ခဲ့တဲ့အရ လမ်းဘေးမှာ ကလစ်ဘီး ဆိုင်ကယ်တစ်စီး ရပ်ထားတာ တွေ့ရတဲ့အတွက် ငွေကြေးကောက်ခံသူတွေဟာ ဆိုင်ကယ်နဲ့ လာတာဖြစ်နိုင်ပြီး ကားသမားတွေနဲ့ စကားပြောဆိုချိန်က မြန်မာစကားကို ပီပီသသပြောနိုင်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနား-တနိုင်းမြို့ဘက် အတက်၊ အဆင်းလုပ်နေတဲ့ ကားတွေကို ကား အကြီး/အသေးပေါ်မူတည်ပြီး အိမ်စီးကားနဲ့ လိုင်းကားအသေးတွေကိုတော့ ကျပ် ၅၀, ၀၀၀(ငါးသောင်း)နဲ့ ကုန်ကားလိုမျိုး ကားအကြီးတွေကိုတော့ တစ်သိန်းခွဲကနေ နှစ်သိန်းအထိ တောင်းတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နောင်းမီနဲ့ မန်ပန်ကျေးရွာကြားမှာ အခုလို ငွေကြေးကောက်ခံတာတွေ ရှိနေတဲ့အတွက် ကားသမားတွေသာမက နောင်းမီကျေးရွာ ဒေသခံတွေပါ စိုးရိမ် ကြောက်လန့်နေရတယ်လို့ နောင်းမီကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ဟိုသွား ဒီသွား စိုးရိမ်တာတော့ အားလုံးမှာ ရှိတာပေါ့။ ကြောက်တယ် သတိနဲ့သွားလာတယ်။ ကြောက်တာတော့ အားလုံးကြောက်ကြတာပေါ့”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

နောက်ထပ် နောင်းမီကျေးရွာ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရလည်း အခုလို ငွေကြေးကောက်ခံနေတယ်ဆိုတဲ့ သတင်းဟာ ဧပြီလကတည်း စကြားလာရတာဖြစ်ပြီး ၆ ကြိမ်ထက်မနည်း ရှိနေပြီလို့ ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ကားသမားတွေအနေနဲ့လည်း သွား၊ လာရ အဆင်ပြေအောင်နဲ့ အချိန်နှောင့်နှေးမှုတွေမဖြစ်အောင် သက်ဆိုင်ရာကနေ အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here