ဇွန်၊ ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်မှာရှိတဲ့ မီးရထားဝင်းမှာ ကျူးကျော်နေထိုင်ကြတဲ့ သူတွေအနေနဲ့ ဇွန်လ ၁၅ ရက်နေ့အပြီး ဖယ်ရှားရမှာဖြစ်ပြီးတော့ မဖယ်ရှားခဲ့ရင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ ဖယ်ရှားသွားမယ်လို့ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
လက်ရှိ အောင်နန်းရိပ်သာရပ်ကွက်မှာ မီးရထားဝန်ထမ်းတွေကို ထားတဲ့ နေရာ ၃ နေရာ ရှိတယ်လို့ သိရပြီး နယ်မြေ ၁ မှာ အိမ်ထောင်စု ၇၁ စု၊ နယ်မြေ ၂ မှာ အိမ်ထောင်စု ၆၈ စု၊ နယ်မြေ ၁၄ မှာ အိမ်ထောင်စု ၁၁၀ စုရှိတယ်လို့ သိရပါတယ်။
အဲဒီဝင်းထဲမှာရှိတဲ့ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်သူတွေကတော့ ပြောင်းရွှေ့ဖို့မလိုအပ်ဘဲ လိုင်းခန်းမဟုတ်ဘဲ မိမိသဘောနဲ့ အိမ်ဆောက်လုပ်ပြီး နေထိုင်ကြတဲ့ ပင်စင်စားတွေနဲ့ အခြားဝန်ထမ်းဟောင်းတွေ ပြောင်းရွေ့ကြရမှာဖြစ်ပြီးတော့ လက်ရှိတာဝန်ထမ်းဆောင်သူတွေကတော့ လွတ်နေတဲ့ ဝန်ထမ်းလိုင်းခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိနေထိုင်နေတဲ့ အဲဒီအိမ်ထောင်စု စုစုပေါင်း ၂၄၉ စုထဲမှာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်လောက်က CDM မလုပ်တဲ့ ဝန်ထမ်းအိမ်ထောင်စုတွေ ဖြစ်ကြပြီး ကျန် ၅၀ ဝန်းကျင်လောက်မှာ အများပိုင်းက ဝန်ထမ်းဟောင်း ပင်စင်စားတွေဖြစ်ကြပြီးတော့ CDM ပြုလုပ်ခဲ့တဲ့သူတွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်ပါတယ်။
အဓိကအနေနဲ့ အဲဒီဝင်းထဲမှာ CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို မနေစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်တယ်လို့ အောင်နန်းရိပ်သာရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မူလကတော့ သူတို့က CDM ဝန်ထမ်းတွေကို မီးရထားဝင်းထဲမှာ နေတယ်ဆိုပြီး မောင်းတယ်လို့ ယူဆတာပေါ့။ CDM ဝန်ထမ်းတွေ တော်တော်များများကလည်း ရွှေ့ပြောင်းသွားကြတာ များပါတယ်။ သိပ်လည်းမရှိတော့ပါဘူး။ မီးရထားမြေပေါ်မှာ မီးရထားဝန်ထမ်းနဲ့ ပတ်သက်တဲ့ မိသားစုတွေပဲနေတယ်။ မိသားစုများတဲ့အတွက် ဝန်ထမ်းလိုင်းခန်းမရရှိတဲ့ ဝန်ထမ်းတွေသာ သီးခြားဆောက်နေကြတဲ့ အဲဒီပုဂ္ဂိုလ်တွေပဲများတယ်။” လို့ဆိုပါတယ်။
နေစရာမရှိတာကြောင့် မီးရထားဝင်းထဲမှာ အိမ်ဆောက်နေကြတဲ့ ဝန်ထမ်းဟောင်းမိသားစုတွေဟာ အချိန်တိုအတွင်း ပြောင်းရွှေ့ရတော့မှာဖြစ်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အထက်ပါ ရပ်မိရပ်ဖက ဆက်လက်ပြောပါတယ်။
“ပထမဦးဆုံးရည်ရွယ်ချက်ကတော့ CDM ဝန်ထမ်းတွေ မနေနိုင်အောင် ချိန်တာကို CDM မလုပ်တဲ့ ဝန်ထမ်းမိသားစုတွေပါ အကုန်ခံနေရတာပေါ့လေ။ CDM မလုပ်တဲ့ ပင်စင်စားတွေ၊ အကြောင်းကြောင်းကြောင့် ဝန်ထမ်း ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒါတွေပါ အကုန်လုံးဒုက္ခဖြစ်တာပေါ့။“လို့ဆိုပါတယ်။
ပြောင်းရွှေ့ခိုင်းတဲ့ရက်က အရမ်းတိုလွန်းတဲ့အတွက် ပြောင်းရွှေ့ရမယ့်သူတွေ အနေနဲ့ အခုလိုနိုင်ငံရေးအခြေအနေမျိုးမှာ နေရာ၊ အိမ်ခန်းတွေ အမြန်ပြန်ရှာဖွေဖို့ မလွယ်တဲ့အခြေအနေတွေနဲ့ ကြုံနေကြရလို့ သိရပါတယ်။
ဝန်ထမ်းမဟုတ်တော့တဲ့အတွက် တစ်ချိန်ချိန်မှာ ထွက်သွားရမယ်ဆိုတာ အားလုံးသိထားကြပေမဲ့ အချိန်တိုအတွင်းမှာ အမြန်ပြင်ဆင်ရတာက အခြေခံလူတန်းစားတွေဖြစ်ကြတဲ့ သူတို့တွေအတွက် အရမ်းကို အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ အထက်ပါရပ်မိရပ်ဖက သူသိရှိရတာတွေကို ပြန်လည်ပြောပါတယ်။
အဲဒါကြောင့် တချို့က ဈေးနည်းတဲ့အိမ်တွေ၊ အခန်းတွေဌား ပြောင်းရွှေ့ကြပြီး တချို့က စုပေါင်းဝယ်ယူထားတဲ့ သိန်း ၅၀ ဝန်းကျင်လောက်ရှိတဲ့ မြေကွက်တွေမှာ မိုးကားတဲတွေထိုး ပြောင်းရွှေ့နေကြပြီးတော့ တချို့က အခုချိန်ထိ ပြောင်းစရာနေရာမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင်လိုင်းခန်းကို ပြောင်းရွှေ့နေထိုင်ကြရမယ့် ဝန်ထမ်းတွေကလည်း ပျက်စီးနေတဲ့ လိုင်းခန်းတွေကို ဒီရက်အတွင်း အမြန်ပြုပြင်နိုင်ဖို့ အချိန်မလောက်တာတွေနဲ့ ကြုံနေကြရတယ်လို့ မီးရထားဌာန ဝန်ထမ်းမိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့ နေရာပေးတာကိုပဲ ကျေးဇူးတင်ရမှာ။ အကုန်လုံးနီးပါးပဲ ပြင်ရမှာ။ ကျွန်မတို့က မိသားစုလည်း များတဲ့အခါကြတော့ ဒီလိုင်းခန်းလေးကို မှီပြီးနေရမှာဆိုတော့ အဖီလေးဆွဲပေါ့။ ပြင်စရာကတော့ အကုန်လုံးနီးပါးပဲ ပြင်ရမှာဟုတ်တယ်။”လို့ ဆိုပါတယ်။
မီးရထားဌာနက ပေးထားတဲ့ လိုင်းခန်းတွေထဲမှာ တချို့ကပျက်စီးနေပြီး တချို့က တိုင်တွေပဲရှိတဲ့အတွက် တချို့ဝန်ထမ်းတွေဟာ မြေလွတ်တဲ့နေရာမှာပဲ ကိုယ်တတ်နိုင်တဲ့ အိမ်ဆောက်ပြီး နေကြတာဖြစ်ပေမဲ့ မဖြစ်မနေ ဝန်ထမ်းလိုင်းခန်းမှာပဲနေဖို့ ပြောလာတာကြောင့် မိမိတတ်နိုင်သလို ပြုပြင်ပြီး နေဖို့ လုပ်ဆောင်နေကြတယ်လို့ အထက်ပါအမျိုးသမီးက ဆက်လက်ပြောပါတယ်။
CDM ဝန်ထမ်းတွေကိုပဲ သီးသန့်ထွက်ခွာဖို့ ပြောဆိုတာမျိုးမဟုတ်ဘဲ ကျူးကျော်သူတွေအားလုံးထွက် ဆိုတဲ့ အခြေအနေမှာ ပင်စင်စား ဝန်ထမ်းဟောင်းတွေနဲ့ အလုပ်ထွက်ထားတဲ့ ဝန်ထမ်းဟောင်းတွေလည်း ပါသွားတာဖြစ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးတွေ ကျောင်းအပ်ပြီးတဲ့ ကာလဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုတွေမှာ ကလေးအယောက် ၆၀ နဲ့ ၁၀၀ ကြားဝန်းကျင်လောက်ရှိပြီး သူတို့ရဲ့ နေ့စဉ်ကျောင်းအကြိုအပို့အတွက်လည်း အခက်အခဲ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။
ပြောင်းရွှေ့ရမယ့်သူတွေအနေနဲ့ အခုလို ဒုက္ခတွေ၊ အခက်အခဲတွေ မရှိစေဖို့အတွက် သက်ဆိုင်ရာဌာနအနေနဲ့ ၃ လ သို့မဟုတ် ၆ လလောက် ပြောင်းရွှေ့ချိန်ပေးစေလိုတယ်လို့လည်း ရပ်မိရပ်ဖက တောင်းဆိုပါတယ်။
ဌာနအနေနဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ မြန်မာ့မီးရထားပိုင်မြေအတွင်းရှိ ကျူးကျော်အိမ်တွေ ထွက်သွားဖို့အတွက် နို့တစ်စာတွေ ဖြန့်ဝေခဲ့ပြီး ဖြစ်ပေမဲ့ ဒီနေ့အထိ မထွက်တဲ့အတွက် ဇွန်လ ၁ ရက်နေ့မှာ နောက်ဆုံးအကြိမ်အဖြစ် နို့တစ်စာပြန်လည်ဖြန့်ဝေခဲ့တာလို့ သတိပေးကြေညာချက်မှာ ပါရှိပါတယ်။
မီးရထားဝင်းအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ကားတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေနဲ့ အသင့်အနေအထား နေနေကြပြီလို့လည်း သိရပါတယ်။
မြန်မာ့မီးရထားဌာနမှာ စက်မှုနဲ့ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ပို့ဆောင်ရေးဌာန၊ အင်ဂျင်နီယာဌာန၊ ဆေးဌာန၊ ဘဏ္ဍာရေးဌာန နဲ့ ရထားရဲတပ်ဖွဲ့ဆိုပြီးဌာနခွဲတွေ ရှိတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြန်မာ့မီးရထားဌာန၊ တိုင်းအမှတ်(၁) မန်နေဂျာ ဦးကျော်မိုးကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းရာ ဖြေဆိုဖို့ငြင်းဆန်ခဲ့ပြီး ဝန်ထမ်းလိုင်းခန်း နေရာချထားရေး တာဝန်ခံ ဦးကျော်စွာဝင်းကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခဲ့တာ မရှိပါဘူး။
မြစ်ကြီးနား-မန္တလေး မီးရထားပြေးဆွဲတာကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ရပ်နားထားတာ အခုဆိုရင် ၃ နှစ်နီးပါးရှိနေပါပြီ။







