စက်တင်ဘာ၊ ၁၈
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက တရုတ်ကိုသွားတဲ့အချိန် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ ၇ ခု ရေးထိုးခဲ့တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစာချွန်လွှာတွေထဲမှာ ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် ၃ နိုင်ငံအဝေးပြေးလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်းပါဝင်တယ်လို့ ISP Myanmar က ဆိုပါတယ်။
အဲဒီ စီမံကိန်းဟာ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) အောက်မှာပါဝင်ပြီး တရုတ်-မြန်မာ-အိန္ဒိယ ၃ နိုင်ငံအဝေးပြေးလမ်းမကြီးအတွက် ဖြစ်ပါတယ်။
ကန်ပိုက်တီဟာ တရုတ်မြန်မာနယ်စပ်မှာရှိတဲ့မြို့ဖြစ်ပြီး ပန်ဆောင်မြို့ကတော့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ မြို့ပါ။ လက်ရှိအချိန်မှာတော့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIA/KIO) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီစီမံကိန်းအတွက် တရုတ်နိုင်ငံဘက်က လက်မှတ်ထိုးခဲ့တဲ့ ကုမ္ပဏီကတော့ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်ကို အကောင်အထည်ဖော်ဖို့ သဘောတူညီမှုရထားတဲ့ Yunnan Baoshan Hengyi Industrial Group ကုမ္ပဏီ ဖြစ်ပြီး မြန်မာဘက်က ကုမ္ပဏီကတော့ Transland Public Co., Ltd ဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံမှာကျင်းပနေတဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) မှာ မြစ်ကြီးနားမြို့ကို မြန်မာနိုင်ငံရဲ့ နှစ်လိုဖွယ်ရာမြို့ (Charm City) အဖြစ် စစ်အုပ်စုက ပြသနေပါတယ်။
မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ နားလည်မှုစာချွန်လွှာထိုးခဲ့တာတွေကတော့ သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ၁ ခု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ၂ ခု၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ၂ ခု၊ စွမ်းအင်ကဏ္ဍ(EV) ပူးပေါင်းဆောင် ရွက်မှု ၁ ခုနဲ့ ဓာတုထုတ်ကုန်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု ၁ ခုတို့ ပါဝင်တယ်လို့ ယူဆကြောင်း ISP Myanmar က ဖော်ပြထားပါတယ်။







