KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှု အယူခံအား ခရိုင်တရားရုံးမှ ပယ်ချ

117
ဒေါက်တာခလမ်ဆမ်ဆွန်
မေ၊၃
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထောင်ချထားတဲ့ အမှုတွေပတ်သက်ပြီး ခရိုင်တရားရုံးကို အယူခံတင်ပြခဲ့ပေမဲ့ ပယ်ချခံလိုက်ရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာ ဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးမှာ အယူခံ၀င်ပေမယ့် ပယ်ချခံရတယ်လို့ ဒေါက်တာခလမ်ဆွန်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်ဒေါင်နန်း က ပြောပါတယ်။

ခရိုင်ရုံးကနေ အယူခံပယ်ချလိုက်ပေမယ့် ပြည်နယ်တရားရုံး၊ ပြည်ထောင်စုတရားရုံးချုပ်အထိ အဆင့်ဆင့် လုပ်ဆောင်နိုင်သေးတယ်လို့ ဆိုပါတယ်။

“ရုံးရှေ့ရောက်တာနဲ့ ပလပ်လိုက်တာ။ မကြားနာတော့ဘူးပေါ့။ အယူခံတာ လက်မခံဘူးလို့ ဆိုရမှာပေါ့။ ခရိုင်ရုံးမှာ အယူခံတာ။ သူတို့ ပလပ်တော့ ပြည်နယ်ထိ တက်လို့ရသေးတယ်။ ပြည်နယ်ကနေ ပြည်ထောင်စုတရားရုံးချုပ်ရှိတယ်”လို့ ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။

ဒါ့အပြင် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။
၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-က၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)နဲ့ တရားစွဲဆိုခံခဲ့ရတာ ထောင်ချခဲ့တာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here