အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး ၃,၃၀၀ ကျော်ရှိပြီး ၈၁၉ ဦး ပြစ်ဒဏ်ချမှတ်ခံထားရသည့်အပြင် ၅၀၀ ကျော် အသက်ဆုံးရှုံး

116
မေ၊၃

မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့ နေ့ကစပြီး အခုနှစ်ဧပြီလ(၂၈) ရက်နေ့အထိ မတရားဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးစုစုပေါင်း ၃,၃၀၀ ကျော် ရှိတဲ့အပြင် စစ်တပ်ကနေ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ ကာလအတွင်း အမျိုးသမီး ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂကနေ ပြင်ဆင်ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နေ့ကနေစပြီး အခုနှစ် ၂၀၂၃ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီးပေါင်း ၃,၃၉၀ ဦးရှိပြီး အဲဒီလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အထဲက အမျိုးသမီး ၈၁၉ ဦးဟာ မတရားပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုထားပါတယ်။

ဧပြီလ ၇ ရက်နေ့မှာ အသက် ၁၅ နဲ့၁၆ နှစ် ဝန်းကျင်သာရှိတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၄ ဦးကို ပြည်သူ့ကာကွယ်ရတပ်ဖွဲ့တွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပုသိမ်ခရိုင် တရားသူကြီးက ပုဒ်မ ၅၀ ည၊ ၅၂-က တွေနဲ့ ထောင်ဒဏ် ၅ နှစ်နီးပါး ချမှတ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးခံရသူ အများစုဟာ လူမှုကွန်ရက်စာမျက်နှာမှာ အကြမ်းဖက်စစ် တပ်နဲ့သူတို့ရဲ့ အပေါင်းအပါတွေကို ဆန့်ကျင်တဲ့ အရေးအသားတွေ ရေးတာနဲ့ ပို့စ်တွေကို မျှဝေတာကြောင့် ဖမ်းဆီးခံရတာ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့အကြောင်းအရာကို အတည်ပြုနိုင်တာ မရှိသေးတဲ့ အရေအတွက် အများအပြားရှိတယ်လို့လည်း ပါရှိပါတယ်။

ဧပြီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံရတဲ့ အမျိုးသမီး စုစုပေါင်း ၄၃ ဦး ထိရှိခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေဟာ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မကွေး တိုင်း၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ် ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ဖြစ်ပြီးတော့ ပဲခူးတိုင်းက (၉) ဦးနဲ့ အများဆုံး ဖြစ်တဲ့အပြင် ရန်ကုန်တိုင်းမှ (၈) ဦးနဲ့ ဒုတိယ အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

စစ်တပ်ကနေ အာဏာသိမ်းဖို့ ကြိုးပမ်းမှု ကာလအတွင်း အမျိုးသမီး စုစုပေါင်း ၅၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စစ်တပ်ရဲ့ ပြည်သူလူထုကို ဦးတည်ပြီး ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်မှုအပြင် တာဝေးပစ် အမြောက်တွေနဲ့ ကျေးရွာတွေဆီ ပစ်ခတ်တာတွေကြောင့် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီး ၅၅ ဦးထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဘက် ဧပြီလ ၁၁ ရက်နေ့က စစ်တပ်ကနေ လေကြောင်းနဲ့ ဗုံး ကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ ရတဲ့ အမျိုးသမီး ၄၅ ဦး ထိ ရှိခဲ့ ပြီးတော့ အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေထဲမှာ အသက် ၆ လသာရှိတဲ့ ကလေးငယ်ကနေ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုထိ အသက် အရွယ်စုံ အမျိုးသမီးတွေလည်း ပါဝင်တာကို တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထက်ပါ အစီရင်ခံစာဟာ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေကို အဓိကမှီငြမ်းကိုးကားထားတဲ့အပြင် ခိုင်လုံတဲ့ သတင်းမီဒီတွေကနေ ထုတ်ဖော် ရေးသားတဲ့ သတင်းအချက်အလက် တွေအပေါ် အခြေခံပြီး မြန်မာ့အမျိုးသမီးသမဂ္ဂမှ စုစည်းတင်ပြထားတာ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်တွေ့မြေပြင် အခြေအနေမှာ သတင်းအချက်လက် စီးဆင်းမှုအတွက် စိန်ခေါ်မှုတွေ ရှိတာကြောင့် လက်လှမ်းမီဖို့ အခက်အခဲတွေ ရှိတဲ့အတွက် ကိန်းဂဏန်းတွေဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here