ဇွန်၊၁၀
တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေကန်တောင်(Hka Lawng Kawng) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
တနိုင်းမြို့ကနေ ၂ နာရီဝန်းကျင်လောက် ဆိုင်ကယ်နဲ့သွားရတဲ့ ပယင်းမှော်ဒေသက အထက်ပါ ရေကန်တောင် တပ်စခန်းကို နှစ်ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ရေကန်တောင်စခန်း ဟုတ်တယ်။ ၂ နာရီ မိနစ် ၄၀ မှာ သိမ်းပိုက်လိုက်ပြီ။ တစ်နေ့ကတော့ အပေါ်ကနေ ဒရုန်းနဲ့ချပေးတာ။ မနေ့ကနဲ့ ဒီနေ့တိုက်ပြီးတော့ သိမ်းတာဟုတ်တယ်။”
တနိုင်းစစ်ကောင်စီတပ်နဲ့ ၂၉၇ တပ်က တပ်သားတွေ ပေါင်းထိုင်ထားတဲ့ အဲဒီတပ်စခန်းကို KIA တပ်မဟာ ၂ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်း အနီးဝန်းကျင်မှာ တခြားစစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
မနေ့ကတည်းကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ တပ်ရင်း ၁၄ နယ်မြေက ပယင်းမှော်ဒေသဘက်ကို တနိုင်း စစ်ကောင်စီ တပ်ကနေ လက်နက်ကြီးတွေ ဒီကနေ့အထိ ပစ်ခတ်နေတယ်လို့ တနိုင်းမြို့ခံ တစ်ဦးကလည်း ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် မိုင်းခွန်မှော် အပေါက်ဝဘက်မှာ အရပ်သား ထိခိုက် သေဆုံးတာရှိတယ်လို့ ကြားသိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်က သီးသန့် အတည်ပြုနိုင်တာ မရှိသေးပါဘူး။
KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က တနိုင်းဒေသက နမ်ဗျူစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ဧပြီလ ၁၇ ရက်နေ့ကလည်း နွယ်ဂျယ်ဘွမ် ပယင်းတောင် တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။