ဇွန်၊၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉) အနန့်ပါဒေသကို စစ်ကောင်စီကနေ မနေ့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီကျော်လောက်မှာ တိုက်လေယာဉ်နှစ်စင်းနဲ့ ခြောက်ကြိမ်လောက် လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီလေယာဉ် နှစ်စင်းဟာ KIAတပ်မဟာ(၉) အနန့်ပါဒေသ အနီးဝန်းကျင်ကို ခြောက်ကြိမ်လောက်ပတ်ပြီး ပစ်ခတ်သွားတဲ့အပြင် တစ်ကြိမ်ကို ဗုံးလေးလုံးလောက် ကြဲချတာဖြစ်တယ်လို့ အထက်ပါ KIA ရှေ့တန်းသတင်းအရင်းအမြစ်က မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“တစ်ခါပစ်ရင် လေးလုံး ဟုတ်တယ်။ မပေါက်ကွဲသေးတဲ့ အလုံးတွေလည်း ရှိသေးတယ်။“လို့ ဆိုပါတယ်။
လေယာဉ်ဗုံးကြောင့် ထိခိုက်ပျက်စီးမှုရှိ/ မရှိကိုတော့ အတိအကျ မသိရှိရသေးပေမဲ့ မပေါက်ကွဲသေးတဲ့ ဗုံးကတော့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ လာရောက်ပစ်ခတ်ပြီးနောက် ညပိုင်း ၉ နာရီအချိန်လောက်မှာလည်း လေယာဉ်တွေ ပျံဝဲခဲ့ပေမဲ့ ပစ်ခတ်သွားတာတော့ မရှိဘူးလို့လည်း ထပ်မံသိရှိရပါတယ်။
ဖားကန့်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း ဒီကနေ့မနက် အစောပိုင်းကလည်း တာမခန်ကျေးရွာ အနီးဝန်းကျင် လေယာဉ်သုံးစင်း ပျံဝဲခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည ၁၁ နာရီကျော် အချိန်လောက်မှာလည်း အထက်ပါ (KIA)တပ်မဟာ(၉)နယ်မြေဘက်ကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ၆ ကြိမ် လာရောက်ပစ်ခတ်သွား တဲ့အတွက် စခန်းတွင်းအဆောက်အဉီအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကကလည်း အထက်ပါ KIAတပ်မဟာ(၉) အနန့်ပါဒေသကို စစ်ကောင်စီရဲ့ လေယာဉ်အသုံးပြု တိုက်ခိုက်မှုကြောင့် KIA တပ်သားတွေနဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ဟာ အောက်တိုဘာလ(၂၅) ရက်နေ့မှာ ကျရောက်မယ့်(၆၂)နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ကျင်းပဖို့ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)၊ အနန့်ပါမှာ ပြင်ဆင်နေကြတာဖြစ်ပြီး ရပ်နီးရပ်ဝေးက သူဌေးတွေ၊ အနီးအနားက ရွာသူ/သားတွေသာမက ကချင်အနုပညာရှင်တွေပါ အဲဒီနေရာကို သွားရောက်နေခဲ့ကြတာပါ။
အဲဒီလူအုပ်ထဲကို စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် KIA တပ်သားတွေအပြင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူ ၆၂ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၆၀ ကျော်အထိ ရှိခဲ့ပါတယ်။