ဇူလိုင်၊၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ် ဒေသခံ အမျိုးသမီး(၇)ဦးအပါ ယာဉ်မောင်းတစ်ဦးတို့ကို စစ်ကောင်စီတပ်သားတွေ မနေ့က ညနေ(၄)နာရီခွဲ လောက်မှာ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကနေ ဆန်းကြွယ်အပြန် ကျောက်စိမ်းတောင်နားအရောက်မှာ စစ်ကောင်စီတပ်သားတွေက ကားကိုတားပြီး သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဆိုင်းတောင်က အပြန် ကျောက်စိမ်းတောင်ဘက်အရောက် စကစတွေ(၇)ယောက်၊ (၈)ယောက်လောက်က သူတို့ရဲ့ ကားကို ရှေ့မှာ သေနတ်တွေချိန်တား ပြီး ဖမ်းသွားတာ။ အမျိုးသမီး(၇)ယောက်ပါတယ်၊ ကားမောင်းလူတစ်ယောက်ပါတယ်။ လမ်းမှာ ကားတားပြီး သေနတ်တွေထောက်ပြီးတော့ ခေါ်သွားတာ“လို့ ဒေသခံက ဆိုပါတယ်။
အဲဒီ ဆန်းကြွယ် ဒေသခံ(၈)ဦးကို ဘယ်လို အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
အထက်ပါဒေသခံရဲ့ သုံးသပ်ပြောဆိုချက်အရ အဲဒီနေ့က ဆိုင်းတောင်ဘက်မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ရှိတာကြာင့် အဲဒီဒေသခံတွေကို ဆန်ဒပြပွဲမှာပါဝင်သူတွေ အဖြစ် ထင်မှတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။