စက်တင်ဘာ၊၁၂
ဗန်းမော်မြို့ ၊ စွမ်းမေတ္တာ ဆေးရုံရှေ့က အအေးဆိုင်မှာ မနေ့က အအေးထိုင်သောက်နဲ့တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အနောက်သာစည်ရပ်ကွက်က စွမ်းမေတ္တာဆေးရုံရှေ့မှာရှိတဲ့ အအေးဆိုင်မှာ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်အချိန်လောက်က အအေးထိုင်သောက်နေတဲ့ လူငယ် နှစ်ဦးကို လက်နက်ကိုင်ဆောင်ထားပြီး အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတစ်စီးနဲ့ လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ယူရသူ အားလုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး စ.ရ.ဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးမှာ ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်လေ့ရှိပြီးတော့ မနေ့က ဖမ်းဆီးခဲ့တဲ့ လူငယ် (၂) ဦးကိုလည်း အဲဒီနေရာကို ခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့လည်း ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ နောက်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ စွမ်းမေတ္တာဆေးရုံရှေ့က အအေးဆိုင်မှာ ဖမ်းတာ ။ အအေးသောက်နေတုန်းပေါ့။ မံစီကတစ်ယောက် ၊ ညောင်ပင်ရပ်က တစ်ယောက်ပေါ့။ ရဲကဖမ်းသွားတာ။”လို့ ဆိုပါတယ်။
အလားတူ မြစ်ကြီးနားမြို့ ၊ ကြာရာပတ္တီးရပ်ကွက်မှာလည်း မနေ့က လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ ရောက်လာပြီး သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၁၀) ရက်နေ့က ဗန်းမော်မြို့၊ သာစည်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူငယ် (၃) ဦးကိုဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ ပစ်ခတ် ဖမ်းဆီးခံခဲ့ရတာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဓါတ်ပုံ- စွမ်းမေတ္တာဆေးရုံရှေ့ တစ်နေရာ