ကောလင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ဝေဟင် အပြင် နည်းလမ်းပေါင်းစုံနဲ့ ထိုးစစ်ဆင်တိုက်ခိုက်၊ ဒေသခံတွေ တိမ်းရှောင်နေရ

257

 

ဖေဖော်ဝါရီ၊ ၉

စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

မြို့နေ ပြည်သူတွေအားလုံးဟာ နီးစပ်တဲ့ မိမိဆွေမျိုးအသိုင်းအဝိုင်းတွေဆီ ခိုလှုံသူတွေ ရှိကြသလို အခြားဒေသကို တိမ်းရှောင်နေတဲ့သူတွေလည်းရှိတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“အားလုံးကို ကျွန်တော်တို့ ရှောင်ခိုင်းထားပါတယ်။ တချို့ကျေးရွာတွေရော မြို့နဲ့ အရမ်းကပ်တဲ့ ကျေးရွာတွေကိုလည်း ရှောင်ခိုင်းပါတယ်။ ပိတ်တဲ့သူတွေလည်း အတတ်နိုင်ဆုံးကယ်ထုတ် သင့်တာကိုတော့ ကယ်ထုတ်ပြီးပါပြီ။”လို့ အထက်ပါရဲဘော်က ဆိုပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေအထိ ကောလင်းမြို့ကို စစ်ကောင်စီဟာ စစ်ကြောင်း ၆ ကြောင်း၊ မြေပြင်သာလွန်အင်အားနဲ့အတူ လေကြောင်းနဲ့ ဟောင်ဝှစ်ဇာပစ်ကူတွေအပြင် နည်းလမ်းပေါင်းစုံနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့အတွင်းကို ဝင်ရောက်လာနိုင်ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကနေ ခုခံတော်လှန်နေဆဲ ဖြစ်ပြီးတော့ ညတိုက်ပွဲပါ ဆင်နွဲနေကြောင်းကို Kawlin Revolution -KR ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ညအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး တိုက်ပွဲဟာ တစ်ပါတ်လောက်ရှိပြီဖြစ်ပေမဲ့ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ကောလင်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမဲ့ တော်လှန်ရေးတပ်သားတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိနာတာများလာပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီးတော့ ဂျက်ဖိုက်တာတွေနဲ့ပါ ပစ်ခတ်တိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဇီးခုံရွာ၊ ဂုဏ်ညှင်းလျှိုရွာနဲ့ ဝါးရုံခုံရွာကို စစ်ကောင်စီကနေ မီးရှို့ခဲ့ကြပြီး ၇ ရက်နေ့မှာတော့ စံတော်ရာရွာကို မီးရှို့ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ရှောင်နေကြတဲ့ ကောလင်းမြို့နေ ပြည်သူအားလုံးအယောက် ၁၅,၀၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း Kawlin Revolution -KR ကသိရပါတယ်။

ကောလင်းမြို့ကို ပြန်လည်ရရှိအောင် စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့ရဲ့ မြောက်ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်း ရွာတွေဘက်ကနေ စတင်စစ်ကြောင်းထိုးလာခဲ့ကြတာဖြစ်ပြီး ၃ နေ့အရောက်မှာတော့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ကောလင်းမြို့ဟာ ‌ရှေ့တန်းစစ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲရမ်းတွေ သယ်ယူပို့ဆောင်တဲ့ အချိန်အသုံးပြုရတဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီကနေ ပြန်လည်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း နောက်ထပ်တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

ကောလင်းမြို့ကို မနှစ်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။

လက်ရှိအချိန် ကောလင်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲ အချိန်ဖြစ်တာကြောင့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းအမျိုးမျိုး ထွက်နေတဲ့အပေါ် ပြည်သူလူထုတွေအနေနဲ့ မယုံကြည်ကြဖို့ကိုလည်း တော်လှန်ရေးရဲဘော်တွေက ပြောဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here