လမုန်ဇွပ်ကျေးရွာတွင် ရွှေတူးဖော်နေသူများ၏ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများအား စစ်ကောင်စီဖမ်းဆီးဟုဆို

59

ဇွန်၊၂၆

ကချင်ပြည်နယ်၊ မြစ်ကြီနား- မြစ်ဆုံလမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စု၊ လမုန်ဇွပ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေရဲ့ လုပ်ငန်းခွင်သုံး စက်ပစ္စည်းတွေကို စစ်ကောင်စီတပ်ကနေ မနေ့က ဖမ်းဆီးလိုက်ကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ မတ်လဆန်းကနေ အမည်မသိသူတွေကနေ ကုမ္ပဏီလို ဝင်ရောက်လာပြီး လမုန်ဇွပ်ကျေးရွာရဲ့ ရွာအထက်၊ အလယ်၊ အောက် နေရာအနှံ့ ဘက်ဟိုးကားကြီး၊ Loader (မြေကော်စက်ကြီး)တွေ၊ မြေသယ်ကားကြီးတွေနဲ့ နေ့၊ည မရပ်မနား ရွှေတူးခဲ့ကြပြီးဇွန်လ (၄)ရက်နေ့ကနေ ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီလို အချို့ ရွှေတူးဖော်‌သူတွေ ထွက်ခွာသွားပေမဲ့ လုပ်ငန်းရှင် ဦးလယ်မယ်တားကတော့ ဆက်လက်လုပ်ကိုင်နေတဲ့အပြင် နောက်ထပ် Jade Land Company က ထပ်မံ ဝင်ရောက်လာပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့က မနက် (၈)နာရီခွဲလောက်ကနေ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်က ကုန်လမ်း၊ ရေလမ်းကနေ ရောက်ရှိလာပြီး အထက်ပါ လုပ်ငန်းရှင် နှစ်ဦးရဲ့ ဘက်ဟိုးကားကြီး ၅ စီး၊ Loader(မြေကော်စက်ကြီး) ၂စီးအပြင် မြေသယ်ကားကြီး ၇ စီးတို့ကို ဖမ်းဆီးပေးလိုက်ကြတာ ဖြစ်တယ်လို့ လမုန်ဇွပ်ဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ပထမလုပ်တဲ့ သူတွေက ထွက်သွားပြီ။ အခု တစ်ယောက်ပြန်လာတာ။ လူတော့ မဖမ်းဘူး။ စက်တွေတော့ သိမ်းသွားတယ်”လို့ သူက ပြောပါတယ်။

နောပ်ထပ် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ အရင်က ရွှေတူးဖော်သူတွေ ထွက်ခွာသွားတဲ့နောက် Jade Landကုမ္ပဏီက ဝင်ရောက်လာပြီး စက်ယန္တရားအကြီးတွေနဲ့ ဝင်ရောက်လုပ်ကိုင်လာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“Jade Landကုမ္ပဏီ ပြန်ဝင်တာ။ မျှော်စင်တွေရော အကြီးအကျယ်ကိုပဲ။ ဘက်ဟိုး၊ loaderဆိုရင်လည်း အရင်ကထက် အကြီးကြီးကို ကိုင်ပြီး လာလုပ်နေကြတာ။ မနေ့ကတော့ အကုန် သိမ်းပေးလိုက်ကြပြီ”လို့ ဒေသခံက ဆိုပါတယ်။

လမုန်ဇွပ်ကျေးရွာရဲ့ ကုန်းမြေဘက်က မြေဧက ၃၀ ထက်မနည်းဟာ ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားပြီးဖြစ်တယ်လို့လည်း ဒေသခံရဲ့ ပြောပြချက်အရ ထပ်မံသိရှိရပါတယ်။

လမုန်ဇွပ်ကျေးရွာဟာ ကြီးနားမြို့နဲ့ ၁၁ မိုင်လောက် ဝေးပြီး အိမ်ခြေ ၄၀ ကျော်ရှိပြီးတော့ လူဦးရေ ၂၀၀ ကျော် နေထိုင်တဲ့ ရွာတစ်ခုလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here