ဖေဖော်ဝါရီ၊၁၄
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း (၁၄) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် လပူခရွှေမှော်ဘက်ကို စစ်ကောင်စီကနေ ဒီကနေ့မနက် (၉) နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ဘယ်ကိုထွက်ပြေးရမှန်းမသိဖြစ်နေတယ်လို့ လပူခရွှေမော်မှာ စျေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” အရမ်းပစ်နေတယ်။ ဆုပဲတောင်းနေရုံပေါ့။ ဘယ်နှစ်ချက်လဲတောင် မသိတော့ဘူး ပစ်နေတာ။ ရင်တွေတုန်ပြီး ခေါင်းတွေလည်း မူးနေပြီ။ ထမင်းစားနေတာတောင် မစားတတ်တော့ဘူး” လို့ လက်ရှိအခြေအနေကို အထက်ပါဈေးသည်က ပြောပါတယ်။

ဒါ့အပြင် မနေ့ ညနေပိုင်း (၃) နာရီလောက်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စီးပွားရေးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရဘူးလို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီစစ်ကြောင်းကနေ လပူခရွှေမှော်ဘက်ကို စစ်ကြောင်းထိုးလာပြီး ဘတ်ဟိုး (၁၁) စီး နဲ့ ရွှေတူးစက်ဆိုင်းတွေ အပါအဝင် ပိုက်ဆံတွေလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ- လပူခရွှေမှော်အား မြင်တွေ့ရစဉ်