သုံးလကြာပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းပြန်ဖွင့်၊ ကုန်ပစ္စည်းကား ၁၀ စီးကျော် မြစ်ကြီးနားမြို့က စတင်ထွက်ခွာ

50

 

ဇွန်၊၈

သုံးလကြာပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ကား ၁၀ စီးကျော်ဟာ ဒီကနေ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ မြစ်ကြီးနားကနေ စတင်ထွက်ခွာသွားပြီလို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တပ် စစ်ရေးအခြေအနေတွေကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာ ဖြစ်ပြီး ဒီကနေ့ ညနေပိုင်း ၃ နာရီလောက်မှာတော့ နှစ်ဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်တွေနဲ့ ကား ၁၄ စီး ပူတာအိုမြို့ဘက် ထွက်ခွာသွားပြီလို့ သိရပါတယ်။

နှစ်ဖက် လူကြီးတွေ ခွင့်ပြုပြီး ဖြစ်ပါတယ်။ ကားအားလုံး ၁၄စီး ရှိပါတယ်လို့ ကားသမားတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ‌ပြောပါတယ်။

ဒါ့အပြင် ကားသမားတွေအနေနဲ့ ကုန်ပစ္စည်းတွေအားလုံး တင်ဆောင်ခွင့်ရပေမဲ့ ကန့်သတ်ကုန်အဖြစ် စက်သုံးဆီ တင်ဆောင်ခွင့်ကိုတော့ ခွင့်မပြုထားဘူးလို့လည်း သိရပါတယ်။

မတ်လဆန်းပိုင်းကနေစပြီး ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နှစ်ဖက်တပ်စစ်ရေးအခြေအနေ ပြင်းထန်လာတဲ့နောက်ပိုင်းကနေ မြစ်ကြီးနား-ပူတာအို အတက်/ဆင်း ပြုလုပ်နေတဲ့ ကားတွေ အားလုံး ရပ်နားလိုက်ရတာလည်း ဖြစ်ပါတယ်။

ကားလမ်းပိုင်း ပိတ်ထားတဲ့ ၃ လအတွင်းမှာ ပူတာအို ဒေသခံပြည်သူတွေဟာ ကုန်ပစ္စည်း ဈေးအဆ မတန်မြင့်တက်မှုတွေအပြင် အခြေခံစားသောက်ကုန် ပြတ်လပ်တာတွေနဲ့ စက်သုံးဆီ ပြတ်လပ်တာတွေပါ ကြုံတွေ့ နေရတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here