ဇူလိုင်၊၁၈
မကြာသေးခင်က စစ်ဘေးတိမ်းရှောင်လာကြတဲ့ နမ်ဆန်ယန်ပြည်သူ ၅၀ ကျော် သွားရောက်ခိုလှုံနေတဲ့ ဂါးရာယန်ကျေးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏဝင်ရောက်လာတဲ့အတွက် ထပ်မံပြောင်းရွှေ့ရမှာကို စိုးရိမ်နေကြပါတယ်။
နမ်ဆန်ယန်ကျေးရွာက တိမ်းရှောင်လာတဲ့ ပြည်သူတွေသာမက ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေက နေရပ်ပြန်စစ်ရှောင်တွေအားလုံး စိုးရိမ်ကြောက်ရွံ့နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“စစ်ကြောင်းကိုတွေ့ရင် ကြောက်တဲ့သူများတယ်လေ။ စစ်ရှောင်စခန်းကနေ ထွက်လာကြပြီ ဖြစ်တဲ့အတွက် တခြားကိုပြောင်းဖို့ကလည်း နေရာမရှိဘူး။”လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
အဲဒါကြောင့် ရွာအတွင်း စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ရင် နမ်ဆန်ယန်စစ်ရှောင်တွေကလည်း ဒေသခံတွေနဲ့အတူ ခဏတိမ်းရှောင်ပြီး ရွာထဲပြန်လာနေထိုင်ကြဖို့ တိုင်ပင်ထားကြတယ်လို့လည်း ဆိုပါတယ်။
မနေ့က (ဇူလိုင်လ ၁၇ ရက်နေ့)မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနက် ၄ နာရီလောက်မှာ အထက်ပါကျေးရွာတွေဘက်ကို ရောက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာပါ။
စစ်ကောင်စီကနေ ဇူလိုင်လ ၃ ရက်နေ့ကတည်းက နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြုလုပ်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
အခုလိုစစ်ကောင်စီကနေ စစ်ကြောင်းတွေထိုးလာရတာဟာ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှာက်ကို ပြန်လည်ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောကြားပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်က နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ခုနှစ်က မိမိနေရပ်မှာ ပြန်လည်နေထိုင်ကြတာဖြစ်ပြီး အခုဒုတိယအကြိမ် ထပ်မံတိမ်းရှောင်နေရတာပါ။
ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေဟာလည်း မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်(နန်ဆန်ယန်ကျေးရွာ မရောက်မီ) မှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး မနှစ်ကပဲ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓါတ်ပုံအဟောင်းအသုံးပြုထားပါသည်။







