မုံးကိုဗျူဟာကုန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်၊ စစ်ကောင်စီ၏ သံချပ်ကာတစ်စီးကိုပါ ထပ်သိမ်းမိ

358

 

နိုဝင်ဘာ၊ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ဒီနေ့နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ကိုးကန့်တပ်မတော် (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီဗျူဟာကုန်းကနေ စစ်ကောင်စီရဲ့ သံချပ်ကာ ကားတစ်စီးကိုလည်း သိမ်းပိုက်ရရှိခဲ့တာကြောင့် အခုအချိန်မှာ ၁၀၂၇ စစ်ဆင်ရေးကနေ ဖျက်ဆီး/သိမ်းဆည်းနိုင်ခဲ့တဲ့ သံချပ်ကာကား ၇ စီးအထိရှိသွားပါပြီ။

တိုက်ခိုက်မှုကိုတော့ ဒီနေ့မနက်ပိုင်းမှာ စတင်ခဲ့တာလို့ သိရပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

မုံးကိုးအနောက်ဘက်မှာရှိတဲ့ ပန်လုံဗျူဟာကုန်းကိုတော့ နိုဝင်ဘာ ၅ ရက်နေ့မှာ ပေးဆပ်မှုများစွာနဲ့ သိမ်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုသိမ်းနိုင်ခဲ့တဲ့ မုံးကိုးဗျူဟာကုန်းကတော့ မုံးကိုးမြို့နားမှာရှိတာဖြစ်ပြီး ဗျူဟာကုန်းသိမ်းနိုင်တဲ့အတွက် မြို့ကိုသိမ်းနိုင်ပြီလားဆိုတဲ့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို လီကျားဝင်းက အခုလိုပြောပါတယ်။

အတည်မပြုပေးနိုင်သေးဘူးဗျ။ ဘာလို့လည်းဆိုတော့ မုံးကိုးမြို့ထဲမှာ အဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိသေးလား မရှိသေးလားဆိုတာကို အတည်မပြုနိုင်သေးဘူးဗျ” လို့ လီကျားဝင်းက ပြောပါတယ်။

မုံးကိုမြို့ဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့ လောက်ကိုင်မြို့ကြားမှာ ရှိတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ ညီနောင် ၃ ဖွဲ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကတော့ အခုအချိန်ထိ စစ်ကောင်စီရဲ့ စခန်း ၁၂၀ ကျော်ကို သိမ်းပိုက်ထားပြီး ရှမ်းမြောက်က ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ပန်ဆိုင်း/ကြူကုတ်မြို့တို့ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here