တိုက်ပွဲပြင်းထန်နေတဲ့ မြစ်ကြီးနား- ဖားကန့်လမ်း နန့်ယားကျေးရွာက စစ်ကောင်စီသားတွေ စခန်းစွန့်ခွာထွက်ပြေး

16

 

ဧပြီ၊၁၀

မြစ်ကြီးနား- ဖားကန့်လမ်း နန့်ယားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ခန်းက တပ်သားတွေဟာ ဒီကနေ့ည ၉ နာရီခွဲလောက်က စခန်းကနေ ထွက်ခွာသွားပြီဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒီကနေ့မနက် ၅ နာရီခွဲကစပြီးတော့ နန့်ယားကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စခန်းစွန့်ခွာသွားခဲ့တာပါ။

စစ်ကောင်စီတပ်တွေ အကုန်ထွက်သွားပြီးတဲ့။ ကျွန်တော်တို့ဘက်ကတော့ မဝင်သေးဘူး။ မိုးချုပ်ပြီဆိုတော့ ဝင်လို့မရဘူးလေ။ သူတို့ ဗုံးတွေ ထောင်ထားတော့။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

နန့်ယားစစ်ကောင်စီစခန်းမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်နဲ့ လက်အောက်ခံ ရှမ်းနီ(SNA)တပ်သား ၄၀ ခန့် ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့အတွက် နန့်ယားဒေသခံတွေလည်း စစ်ရှောင်နေကြရပြီး ရွာအတွင်းအခြေအနေကို သေချာမသိရပေမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်တာတွေ ရှိတယ်လို့ နန့်ယားဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မနက်ကတော့ ကြမ်းတယ်တဲ့။ အိမ်တွေရောကျန်ဦးမလား မသိဘူး၊ တစ်လုံးပြီးတစ်လုံးလောင်နေတာ။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် နန့်ယား၊ကပ်မှော်ဇွပ်နဲ့ ဆိုင်းဖရာကျေးရွာက ဒေသခံတွေဟာ အရင်ရက်တွေကတည်းက ကြိုတင်တိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့ကစပြီး နန့်ယားကျေးရွာက စစ်ကောင်စီ ခမရ-၁၂၀ ကို KIA ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ(စစ်ကိုင်းအစပ်)မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေလည်း နီးစပ်ရာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဖားကန့်ဒေသကိုဝင်တဲ့ အဓိကလမ်းတွေဖြစ်တဲ့ အထက်ပါ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်တိန်းတပ်စခန်းအပြင် တာခန်ကျေးရွာလမ်းနဲ့ ဝှေခါလမ်းကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က တိုက်ပွဲတွေမှာလည်း ဒီကနေ့အထိ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၆၀ လောက်ကို KIA က သိမ်းပိုက်ထားပြီးပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here